စုပေါင်းအားဖြင့် နိုင်ငံ့ကောင်းကျိုး ဆောင်ရွက်

 

စုပေါင်းအားဖြင့် နိုင်ငံ့ကောင်းကျိုး ဆောင်ရွက်

 

အယ်ဒီတာ့အာဘော်

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်)

    ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့် အညီ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကာလဖြစ်သည်။ နိုင်ငံတော်ကို စတင်တာဝန်ယူသည့် အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ်နှင့်ဦးတည်ချက်များကို အဆင့်ဆင့် ချမှတ်ခဲ့ရာ လက်ရှိတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ အားလုံးအတွက် ငြိမ်းချမ်းသာယာ ဝပြောသည့် အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့် ပစ္စုပ္ပန်ကို တည်ဆောက်ပေးနေခြင်းဖြစ်သည်။

    တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏ အဓိကအင်အားစုကြီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ရပြီး နိုင်ငံ၏သမိုင်းနှင့် တပ်မတော်၏ သမိုင်းသည် တစ်ထပ်တည်း တည်ရှိနေသည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် တပ်မတော်သည် ရရှိထားသည့်လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်လာခဲ့သည့် အစဉ်အလာကြီးမားသည့် တပ်မတော်ဖြစ်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးများမှ လွတ်လပ်ရေးရသည်အထိ ပြည်သူကို ဦးဆောင်လက်တွဲပြီး တိုက်ပွဲဝင်ခဲ့သည့် တပ်မတော်ဖြစ်သည်။

    လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ခေတ်အဆက်ဆက် အစိုးရများနှင့်အတူ အမျိုးသားနိုင်ငံရေး တာဝန်များ၊ တစ်နည်းအားဖြင့် နိုင်ငံ့အရေးများကို သမိုင်းပေးတာဝန်များအရ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ရသည်။ တိုင်းပြည်အတွက် အရေးကြုံလာတိုင်း တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် အမျိုးသားနိုင်ငံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည်။

    မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရခဲ့သည်မှာ ၂၀၂၄ ခုနှစ်တွင် (၇၆)နှစ်တိုင်ပြီဖြစ်ပါသည်။နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားတွင် “ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရတာ (၇၆)နှစ်ရှိပြီ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထိုက်သင့်သော တိုးတက်မှုမရသေးပါဘူး။ ကိုယ့်နိုင်ငံကို တိုးတက်သာယာဝ ပြောစေချင်ရင်  (၁)တရားဥပဒေကို လေးစားလိုက်နာရပါမယ်၊ (၂) စည်းကမ်းရှိရှိနဲ့ စည်းစည်းလုံးလုံး နေထိုင်ကြရပါမယ်၊ (၃) အနာဂတ်ကိုမြော်တွေးပြီး ပညာသင်ကြားသင့်တဲ့ အရွယ်မှာ ပညာသင်ကြားရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးရပါမယ်၊ (၄) တတ်နိုင် သူများ၊ အလုပ်လုပ်နိုင်သူများ အားလုံး ကုန်ထုတ်လုပ်မှုမြင့်မားရေး ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကြဖို့လိုပါတယ်။ ဘာအလုပ်ပဲလုပ်ကြလုပ်ကြ အင်အားရှိမှ ရမှာဖြစ်လို့ ပျော်ရွှင်ဖွယ်ရာ မိသားစုများ တည်ဆောက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းထဲမှ ကျွန်တော်တို့ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အရာတွေကို ဆက်လက်သယ်ဆောင်ကြပြီး မကောင်းသော အတွေး၊ မကောင်းသော အမြင်များနဲ့မကောင်းသော လုပ်ရပ်များကိုချန်ရစ်ခဲ့ကာ လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေးအစွဲများ ကင်းဝေးခြင်းနဲ့အတူ တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာတရား၊ မုဒိတာတရား၊ မေတ္တာတရားများနဲ့ ကျွန်တော်တို့အားလုံး မျှော်လင့်တောင့်တနေတဲ့ နိုင်ငံတော်သစ်ဆီ ဆက်လက်လျှောက်လှမ်းကြပါစို့” ဟု နိုင်ငံတိုးတက်ရေး အတွက် ပြည်သူအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်ထားပါသည်။

    တပ်မတော်သည် မည်သည့်အစိုးရ လက်ထက်ဖြစ်စေ၊ မည်သည့်နိုင်ငံရေးစနစ်နှင့် သွားသည်ဖြစ်စေ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ် စောင့်ရှောက်ရေးတို့ကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်ကာလ မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့်ပြည်ပနိုင်ငံ အချို့၏စွက်ဖက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့်အပြင်  အဓိပ္ပာယ်မဲ့ ပစ်ခတ်တိုက်ခိုက် နှောင့်ယှက်ဖျက်ဆီးမှုများ၏ ဆိုးကျိုးကို  ဒေသခံတိုင်းရင်းသားများ ကိုယ်တိုင်ခံစားနေကြရသည်။

    တည်ငြိမ်အေးချမ်းမှု မရှိသမျှကာလပတ်လုံး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှာ အလှမ်းဝေးနေမည်သာဖြစ်သည်။  တစ်ဦးချင်းအခွင့်အရေး၊ အခွင့်အလမ်းများလည်း ဆုံးရှုံးမှုများ ကြုံတွေ့နေမည်ဖြစ်သည်။ မိမိတို့ပတ်ဝန်းကျင်တွင် အကြမ်းဖက်သောင်းကျန်းသူများ ကင်းစင်မှသာ လူမှုစီးပွားဘဝ လုံခြုံစိတ်ချရပေမည်။ ထို့ကြောင့်  “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ တက်ညီလက်ညီ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။