လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး

 

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်)

    နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုသည် ထိုနိုင်ငံ၏ အသက်သွေးကြောဖြစ်သည်။ သွေးကြောများ ရပ်ဆိုင်းသွားလျှင် သေဆုံးနိုင်သကဲ့သို့ အချုပ်အခြာအာဏာ ဆုံးရှုံးသွားလျှင်လည်း ထိုနိုင်ငံရှိ လူသားတို့သည် “သေသော်မှတည့် သြော်ကောင်း၏” ဆိုသကဲ့သို့ပင်ဖြစ်ပေမည်။   လွတ်လပ်ရေးသည် နိုင်ငံသားတို့ အတွက် စိန်အနှစ်စိန်သွေးကဲ့သို့ လည်းကောင်း၊ ပတ္တမြားစသည့် ကျောက်မျက်ရတနာများ ကဲ့သို့လည်းကောင်း တန်ဖိုးရှိလှသည်။ ရတနာများကိုတန်ဖိုးထား ထိန်းသိမ်းသကဲ့သို့ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားကြရမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အချိန်အခါဖြစ်သည်။ လွတ်လပ်ရေးနေ့ကို “တိုင်းတစ်ပါး၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ မိမိနိုင်ငံ ကင်းလွတ်သောနေ့” ဟူ၍ မြန်မာအဘိဓာန်တွင် ဖော်ပြထားသည်။ နိုင်ငံတော်တွင် စည်းလုံးညီညွတ်မှု အားနည်းနေချိန်၌ ကိုလိုနီနယ်ချဲ့တို့က ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲခဲ့ပြီးနောက် ထီးကျိုးစည်ပေါက် ထီးနန်းပျောက်ခဲ့ရသည်။   နယ်ချဲ့တို့က မြန်မာနိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ကဏ္ဍ အသီးသီးတွင် နည်းမျိုးစုံဖြင့် ဖိနှိပ်သွေးစုပ်အမြတ်ထုတ်ခဲ့ကြသည်။ ကိုလိုနီသက်ဆိုး ရှည်စေရန် နယ်ချဲ့တို့က တောင်ပေါ်မြေပြန့် သွေးခွဲအုပ်ချုပ်ခဲ့ပြီး တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း သွေးကွဲအောင် စနစ်တကျ သွေးခွဲသပ်လျှိုမှုများ ပြုလုပ်ခဲ့သည်။

လွတ်လပ်ရေးဆုံးရှုံးရသည့်အကြောင်းများစွာရှိရာတွင် ခေတ်မီတပ်မတော် တစ်ရပ်မရှိခြင်းသည်လည်း အဓိကအခြေခံ အကြောင်းတစ်ရပ်ဖြစ်သည်။  မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်သော လူငယ်လူရွယ်များသည် တပ်မတော်တစ်ရပ် ပေါ်ထွန်းရေးကိုကြိုးပမ်းခဲ့ကြသည်။ ထို့ကြောင့် သခင်အောင်ဆန်း ဦးဆောင်သော မျိုးချစ်လူငယ် ရဲဘော်သုံးကျိပ်တို့၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ပေါ်ပေါက်လာခဲ့သည်။ မြန်မာ့သမိုင်းတွင် ကိုယ်ပိုင်တပ်မတော် တစ်ရပ်ပေါ်ပေါက်လာခြင်း၊  တပ်မတော်သားတို့က မိမိအသက်ကို ပဓာနမထားဘဲ ကိုယ်ကျိုးစွန့်လွှတ် တိုက်ပွဲဝင်ခဲ့ကြခြင်း၊ ပြည်သူတစ်ရပ်လုံးကလည်း တပ်နှင့် ပြည်သူလက်တွဲညီစွာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ခြင်းများကြောင့် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။

လွတ်လပ်ရေးရရှိခဲ့သည်ဟူသောဝါကျကလေးမှာ တိုတောင်းလှသော်လည်း လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းမှု မှာရှည်ကြာခဲ့သည်။ လွတ်လပ်ရေးရရှိရန် အခက်အခဲမျိုးစုံကြားမှာ နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ရာတွင် အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ရသူများ၊ ဘဝနှင့်ရင်းပြီး ပေးဆပ်ခဲ့ရသူများ များစွာရှိခဲ့သည်။ ထိုပုဂ္ဂိုလ်များ အားလုံးမှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို တည်ဆောက်ပေးခဲ့ကြသူများဖြစ်သည်။ လွတ်လပ်ရေးရရှိပြီး (၇၆)နှစ်တာ ကာလအတွင်းမှာလည်း လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်နေကြသူများရှိသည်။  မြန်မာတို့ကံကောင်းသည်မှာ နိုင်ငံတွင် လွတ်လပ်ရေးဆုံးရှုံးတော့မည့် အခြေအနေနှင့်ကြုံရလေတိုင်း အမျိုးသားရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ဦးဆောင် ပါဝင်နိုင်ခြင်းဖြစ်သည်။  တပ်မတော်သည် ပြည်တွင်း၊ ပြည်ပအန္တရာယ်များအား ဖယ်ရှားတိုက်ဖျက်ရန် အစဉ်အမြဲအသင့် ရှိနေသည့်အတွက်  လွတ်လပ်ရေး ပြန်လည်မဆုံးရှုံးခြင်း ဖြစ်သည်။ ယနေ့အချိန်အခါတွင် ပြည်တွင်းမှ တိုင်းပြည်ကို ဖျက်ဆီးသူများနှင့်ပြည်ပအားကိုး အမျိုးသားသစ္စာဖောက်များအား အကြောင်းပြု၍ ပြည်ပမှ ဝင်ရောက်စွက်ဖက်နိုင်ရန်၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားရန် ကြိုးပမ်းလုပ်ဆောင်နေသည်။ မမှန်ကန်သော သတင်းအမှား၊ အတည်မပြုနိုင်သော သတင်းအမှားများကို အသုံးပြုကာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းမှာ မြန်မာတို့အပေါ် စေတနာကောင်းထားရှိခြင်း မဟုတ်ဘဲ ပျက်စီးရေး၊ လွတ်လပ်ရေး ဆုံးရှုံးရေး၊ ၎င်းတို့အလိုကျ ဗိုလ်ကျစိုးမိုးရေးတို့ကိုသာ ရှေးရှုလုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုပါရန်စွယ် အန္တရာယ်များကို တပ်မတော်နှင့်ပြည်သူတို့ လက်တွဲညီစွာ ချေမှုန်းတိုက်ဖျက်ကြရမည်ဖြစ်သည်။

(၇၆)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်တွင် “အမျိုးသား အကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းဆောင်ရွက်ရေး။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ရေး။ ဥပဒေနှင့်အညီ လွတ်လပ်

၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့် ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး။ အကြမ်းဖက်ဖြစ်စဉ်များအားလုံး ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့်    ပါတီစုံဒီမို ကရေစီစနစ် ခိုင်မာစေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ရေး။” ဟူ၍ချမှတ်ထားသည်။ အနှစ်ချုပ်ဆိုရသော် အဆိုပါ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရင်း   နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ကြရန်ဖြစ်ပါကြောင်း။    ။