အလှူရေစက် လက်နှင့် မကွာ လှူဒါန်းနေမည်သာ

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၂၉ ရက်)

မြန်မာ့ဆယ့်နှစ်လရာသီတွင် တန်ဆောင်မုန်းလသည် မပူလွန်း၊ မအေးလွန်းသော ရာသီကာလ ဖြစ်သည်။ ဤတန်ဆောင်မုန်း လတွင် တန်ဆောင်တိုင်ပွဲ၊ မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်းအလှူတော်၊  တန်ဆောင်မုန်း လပြည့်နေ့တွင်  မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းသည့် ပွဲတော်တို့ ကျင်းပလေ့ရှိသည်။

အထူးသဖြင့် ပထမသင်္ဂါယနာတင်မင်းကြီးဖြစ်သော အဇာတသတ်ရှင်ဘုရင်နှင့် ပတ်သက်ဆက်စပ်၍ သာမ ညဖလ သုတ်တော်ဟောတော်မူသောလပြည့်နေ့လည်းဖြစ်ပေသည်။

တန်ဆောင်မုန်းလတွင်ကျင်းပလေ့ရှိသော ပွဲတော်များကား  ရှေးမြန်မာမင်းများ  အစဉ်အဆက် လုပ်ဆောင်ခဲ့သော အလှူပွဲ များဖြစ်သည်။ တန်ဆောင်မုန်းလတွင် ကြတ္တိကာပွဲသဘင်ဆင်ယင်ပုံကို ဦးရွှန်းက ဥမ္မာဒန္တီပျို့တွင် ''တန်ဆာဆင်ယင်၊ နတ်သဘင်သို့၊ မြို့ပြင်မြို့တွင်း၊ မီးရောင်ဝင်းလျက်၊ ဟင်းလင်းတံခါး၊  ဖွင့်ကာထား၍၊ ပြည်သား ပြည်သူ၊ လှိုက်ဆူအုန်းအုန်း၊ တန်ဆောင်မုန်းတွင်၊ ချိန်ဆုန်းသဘင်၊ ပွဲကြီးဆင်လျက်၊ ပျော်ရွှင်ကြ မြဲ၊ ထိုသည့်ပွဲ'' ဟူ၍ သရုပ်ဖော်ထားလေသည်။ ကြတ္တိကာပွဲသဘင်တစ်ခုတွင် သိဝိမင်းကြီးသည်  ဥမ္မာဒန္တီကိုမြင်၍ တပ်မက်စွဲလမ်းရသည့်ဖြစ်ရပ်ကလည်း အမှတ်တရဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် တို့၏မီးထွန်းပွဲ အဖြစ် ရှုမြင်လျှင်လည်း ပျော်ရွှင်စရာကောင်းလှသောပွဲသဘင်အဖြစ် တွေ့မြင်နိုင်သည်။

တန်ဆောင်မုန်းလပြည့်ထွက်သောလသည် ပြည့်ပြည့်ဝဝ ဝိုင်းဝိုင်းစက်စက်ရှိသည်ဟုဆိုကြသည်။  ကြယ်နက္ခတ် တို့လည်း စုံလင်သည်။ စန်းယှဉ်နက္ခတ်ဖြစ်သော ကြတ္တိကာနက္ခတ်ကို မြန်မာတို့က ဖျောက်ဆိပ် ကြယ်ဟုခေါ်လေသည်။ သာမန်မျက်စိဖြင့်ကြည့်လျှင် ရကောက်သဏ္ဌာန်ကြယ်ခုနစ်လုံးကိုမြင်ရကြောင်း၊ မှန်ပြောင်း နှင့်ကြည့်လျှင် ၁၆၅ လုံးမြင်နိုင်ကြောင်း အဆိုအမိန့်ရှိသည်။ ရာသီမှာ ဗြိစ္ဆာရာသီဖြစ်သည်။

ကင်းပုစွန်(ကင်းမြီးကောက်)ရုပ် အမှတ်အသားရှိသောရာသီဖြစ်သည်။ တန်ဆောင်မုန်း ဆေးပေါင်းခ ဆိုသည်နှင့် အညီ ကြတ္တိကာနက္ခတ်နှင့်စန်းယှဉ်သော တန်ဆောင်မုန်း လပြည့်နေ့တွင် ဆေးပင်အပေါင်းကိုစောင့်သော နတ်တို့သည် မဲဇလီပင်စောင့်နတ်အား ခစားလာကြသည့် အတွက် ထိုညတွင် မဲဇလီဖူးကိုစားလျှင် အန္တရာယ် ကင်းပြီး ဘုန်းကြီးကြောင်း၊ အသက်ရှည်ကြောင်း ကဝေ သာရဆေးကျမ်းတွင်ဆိုထားသည်။ ထိုအဆိုအရ တန်ဆောင်မုန်း လပြည့်ညတွင် မဲဇလီဖူးသုပ်စားသော အလေ့ကို ယနေ့တိုင်ကျင့်သုံးနေကြခြင်းဖြစ်သည်။

တန်ဆောင်မုန်းလတွင် ကောင်းကင်တစ်ခွင် ကြည်လင်သာယာသကဲ့သို့ ပတ်ဝန်းကျင်တစ်ခွင်လည်း  ခြေခင်း လက်ခင်း သာသည်။ မိုးရာသီမကုန်မီအထိ စိုစိုစွတ်စွတ်နေခဲ့ကြရာမှ မိုးအကုန်ဆောင်းအကူး တန်ဆောင်မုန်း လသို့ ရောက်သောအခါ ခြောက်သွေ့အေးမြသောအထိအတွေ့ကိုခံစားရသည်။ ''မြောက်လေ ငယ်သွင်းပါလို့ မြူနှင်းစိုစို၊ မြင်တိုင်းငယ်ပျိုသည် ရွှေကျီးညိုတာရာ ကြတ္တိကာထွန်းလင်းတဲ့လကိုလေး''ဆိုသည့်အတိုင်း မြောက်ပြန်လေနှင့်အတူ ဆောင်းရာသီအအေးဓာတ်၏ထွေးပက်မှုကို ခံစားရသည့်အရသာ ကလည်း တစ်မျိုး တစ်ဖုံထူးခြားလှသည်။

တန်ဆောင်မုန်းတွင် ထူးခြားသည့်အလှူတစ်ခုမှာ ပံ့သကူအလှူပွဲဖြစ်သည်။ အခြားသောပွဲများကဲ့သို့ လူစုလူ ဝေးဖြင့် ထင်ထင်ရှားရှားကျင်းပပြုလုပ်သောပွဲမျိုးမဟုတ်ပေ။ လူအများကွယ်ရာတွင်ဖြစ်စေ၊ ညမှောင် ချိန်တွင်ဖြစ် စေ သင်္ကန်းစသော သံဃာအသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ်စွန့်ပစ်လှူဒါန်းကြသောပွဲ ဖြစ်သည်။ ရှေးအခါက ပံ့သကူပစ်၍လှူဒါန်းသူအလွန်များသဖြင့် အများပြုလုပ်သည်ကိုစွဲပြီး ပံ့သကူပစ်ပွဲဟု ခေါ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ကျင့်စဉ်ဓမ္မများဖြစ်သော ဓူတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ပံ့သကူဓူတင်ကို အကြောင်းပြုပြီးဖြစ်ပေါ်လာသောပွဲလည်းဖြစ်သည်။ တစ်စုံတစ်ခုသောပိုင်ရှင်မဲ့ပစ္စည်းကို ဖြစ်စေ၊ မိမိလုံ့လပ ယောဂမ ပါဘဲ အလိုအလျောက်ဖြစ်ပေါ်လာသည့် အမဲသား၊ ငါး စသောပစ္စည်းတို့ကိုဖြစ်စေ ပံ့သကူဟု မြန်မာတို့ ခေါ်ဝေါ်ခြင်းဖြစ်သည်။

ယခုနောက်ပိုင်းတွင် ပံ့သကူအလှူရှင်သည် သင်္ကန်းကိုသာမဟုတ်ဘဲ ထီး၊ ဖိနပ်၊ သပိတ်၊ သေတ္တာ၊ ကော်ဇော၊ အိပ်ရာခင်း စသည်ဖြင့် သံဃာ အသုံးအဆောင်များသာမက ဆင်းရဲချို့တဲ့သူများအတွက် အထောက် အကူရစေ ခြင်းငှာ ငွေကြေးနှင့် အခြားသော အသုံးအဆောင်များ တိုးချဲ့လှူဒါန်းလာကြသည်။ ပံ့သကူအလှူရှင် တို့သည် မိမိတို့ ပံ့သကူဒါန၏အယုတ်အမြတ်အလိုက် ထိုက်သလို အကျိုးတရားများကိုရရှိသည်။ လှူဒါန်းရသော ကုသိုလ် ကြောင့် ဘဝတိုင်းဘဝတိုင်း ဉာဏ်ပညာကြီးခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ ခွန်အားကြီးခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း စသောအကျိုးတရားများအပြင် နောက်ဆုံးတွင် မဂ်ဖိုလ်နိဗ္ဗာန်ကိုရောက်ကြ ရမည်ဖြစ်ပေသည်။ ယခုနှစ် သက္ကရာဇ် ၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလသည်ကား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလှူအတန်းများ စည်စည်ကားကား မရှိနိုင်သော်လည်း ဗုဒ္ဓဘာသာဝင်သူတော်စင်အ ပေါင်းကားအလှူ ရေစက် လက်နှင့်မကွာ လှူဒါန်း နေမည်သာဖြစ်မည်ဟုယုံကြည်ကြောင်း ရေးသားလိုက်ရပေသည်။   ။