နွားထိုးကြီးမြို့ရှိ ရဲစခန်း၊ ဆောက်လုပ်ရေးရုံးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက် ခံရပြီး ပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေ လျက်ရှိ

 

နွားထိုးကြီးမြို့ရှိ ရဲစခန်း၊ ဆောက်လုပ်ရေးရုံးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက် ခံရပြီး ပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေ လျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၇ ရက်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့တွင် ဇန်နဝါရီ ၁၆ ရက်နေ့က နွားထိုးကြီးရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးကို PDF အမည်ခံအကြမ်းဖက် သမားများက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် ဒရုန်း ၂ စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်းနှင့် နွားထိုးကြီး မြို့နယ်၊ ရွာကြီးရွာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၂ ဦးကို ပစ်သတ်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် မီတာ(၅၀၀)ခန့်အကွာမှ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် နွားထိုးကြီးမြို့အတွင်းသို့ ပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့ဆောက်လုပ်ရေးဝန်းနှင့် အထက(မြို့မ) စာသင်ကျောင်းကြားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းလာကြိုသည့် မိဘတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပြီး PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်ရန် တရားမဝင်ပြည်ဖျက်မီဒီယာများမှတဆင့် လူမှုကွန်ရက် များတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။