ကျိုင်းတုံမြို့နှင့် မြိတ်မြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

 

ကျိုင်းတုံမြို့နှင့် မြိတ်မြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၇ ရက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ ဆင် နှစ်ကောင်ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေးအဖွဲ့က အရိုးအကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ သံဃာတော် ၂၃ ပါးနှင့် ဒေသခံပြည်သူ ၁၀၀ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းနှင့် ဆေးရုံ တက်ရောက် ကုသရန်လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။

အလားတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နတ်မော်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှ သံဃာတော် ၁၁ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၃ ပါးနှင့် ကျောင်းသား၊ ကျောင်းသူ ၄၇၈ ဦးတို့ကို အဆိုပါကျောင်းတိုက်၌ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းနှင့် ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးကာ ကျောင်းတိုက်ဆရာတော်  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ဉာဏိဿရအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။