မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး

 

မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်)

    မူးယစ်ဆေးဝါးဆိုသည်မှာ သုံးစွဲခြင်းဖြင့် သုံးစွဲသူ၏ ဦးနှောက်နှင့်ဗဟို အာရုံကြောကို ထိခိုက်ထုံထိုင်း မူးယစ်စေသည်။ စိတ်ခံစားမှု အာရုံများကို လွဲမှားဖြစ်ပေါ်စေသည်။ ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့် အန္တရာယ်ဖြစ်စေပြီး နောက်ထပ်မသုံးစွဲရလျှင် မနေနိုင်အောင် စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်စေသည်။ မူးယစ်ဆေးဝါး သုံးစွဲခြင်းအကြောင်းများကို လေ့လာကြည့်ပါက ကိုယ်တိုင်စူးစမ်းလို၍ သုံးစွဲခြင်း၊ ခံစားမှုအသစ်ကို လိုချင်၍ စမ်းသပ်လိုခြင်း၊အပေါင်းအသင်း ဆွဲဆောင်မှုကြောင့် သုံးစွဲခြင်း၊ အပန်းဖြေပျော်ရွှင် လိုသဖြင့်သုံးစွဲခြင်း၊ ဘဝအခက်အခဲများကို တစ်ခဏတာ ဖြေဖျောက်လို၍ သုံးစွဲခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာဗဟုသုတ နည်းပါးခြင်းတို့ကြောင့် သုံးစွဲခြင်းတို့ဖြစ်သည်။

မူးယစ်ဆေးဝါး သယ်ယူပို့ဆောင် ရောင်းဝယ်နေသူများသည် ယင်းတို့၏ ကိုယ်ကျိုးစီးပွားတစ်ခုတည်းသာ ရှေးရှု၍ လုပ်ဆောင်နေခြင်းဖြစ်သည်။ အထူးသဖြင့်အကြမ်းဖက် အဖျက်သမား လက်နက်ကိုင် အဖွဲ့အစည်းများမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှ ရရှိသောငွေကြေးဖြင့် လက်နက်ခဲယမ်းများ ဝယ်ယူကာ အဖျက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ တာဝန်အပေါ်စေတနာ အပြည့်အဝထားပြီး ဆောင်ရွက်သည့်အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါးများ ဖမ်းဆီးရမိမှုများမှာ အားရဖွယ်ကောင်းလှသည်။ အထူးသဖြင့် ဖမ်းဆီးရမိဆေးဝါးများ၏ တန်ဖိုးမှာဘီလီယံနှင့်ချီ၍ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဇန်နဝါရီလ ၄ ရက်ညနေ ၃ နာရီခွဲတွင် တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ရန်လင်းကျော်(၄)အမည်ရှိ စက်လှေအား စစ်ဆေးရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် တရားခံ ၄ ဦးနှင့်အတူ ဒေသကာလ တန်ဖိုးငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ  ၄၅ တန် ဖမ်းဆီးရမိခဲ့သည်။ ဇန်နဝါရီလ ၇ ရက်ည ၁၁ နာရီခွဲတွင် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စိုးကျော်(ခ)စိုးစိုးကျော်၊ တာဝန်ခံသယ်ဆောင်သူများ ဖြစ်ကြသည့် ချစ်ထူးနိုင်(ခ)ဆရာချစ်နှင့် ကျော်ဇင်ဦး တို့ပါတရားခံ ၇ ဦးအား ဥပဒေအရ အရေးယူထားသည်။

ဇန်နဝါရီလ ၇ ရက်ညနေ ၅ နာရီတွင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုဘက်မှ မန္တလေးဘက်သို့ စိုင်းလှရွှေမောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရှာဖွေရာ၌ ငွေကျပ် ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း သိမ်းဆည်းရမိခဲ့သည်။  ဇန်နဝါရီလ ၁၀ ရက်နံနက် ၈ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၁၃၈ လမ်း(၆၂) လမ်းထောင့်တွင် ဇင်မင်းထွန်း မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၄၄၀၀ ဖြင့်ထည့်လျက် ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိခဲ့သည်။

ဇန်နဝါရီလ ၇ ရက်ညနေ ၃ နာရီတွင်  ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌  ငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်းဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိမှုတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အစုရှယ်ယာ ပါဝင်သူဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုနှင့် ဖမ်းဆီးရမိတရားခံများတွင် မူးယစ်ဆေးဝါး တရားခံပြေးတစ်ဦးပါ ဖမ်းဆီးရမိခဲ့သည်။  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၇ ရက် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် မကျီးရေကျေးရွာအနီးတွင် ရပ်စောက်မှနောင်ချိုသို့ နိုင်ဦးမောင်းနှင်ပြီး ချစ်ကောင်းလိုက်ပါလာသည့် ၁၂ ဘီး မော်တော်ယာဉ်ကိုရှာဖွေရာ ဒေသကာလ တန်ဖိုး ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိသော အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၂၀၀၀ (၂ တန်) သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိခြင်းမှာ လူသားတို့အသက်ကို ကယ်တင်ခြင်း၊ မိသားစုများ၏ စိတ်ဆင်းရဲသောက ဖြစ်မည့်ဘေးမှ ကာကွယ်လိုက်ခြင်းဖြစ်သည်။ ထို့ထက်ပို၍ဆိုရသော် တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်ခြင်းဖြစ်၍ ငွေကြေးဖောင်းပွမှုကို ကာကွယ်နိုင်ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး  ကင်းစင်သည့် လူမှုအသိုက်အဝန်းဖြစ်စေရန် မိမိကိုယ်ကို မူးယစ်ဆေးဝါး အန္တရာယ်မှ ကာကွယ်ကြရမည်။ မိသားစုအတွင်း မူးယစ်ဆေးဝါးပြဿနာ ဝင်မလာနိုင်စေရန် အစဉ်အမြဲသတိထားကြရမည်။ မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး အန္တရာယ်ရှိနေလျှင် သက်ဆိုင်ရာ တာဝန်ရှိသူများထံ လျှို့ဝှက်စွာ သတင်းပေးပို့ ကာကွယ်ကြရမည်။ မူးယစ်ဆေးဝါး သုံးစွဲသူကိုစွန့်ပစ်ထားလျှင် ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ ယင်းကဲ့သို့အခြေအနေ မပေးပါက ၎င်းသုံးစွဲမှုနှင့် ရပ်တည်မှုကာမိစေရန် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်းကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူများ တိုးပွားလာနိုင်သည်။ မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေး တာဝန်အဖြစ်ခံယူကာ လူတိုင်းက ကိုယ်စီအသိစိတ်ဓာတ် ရှိရှိဖြင့်ပါဝင်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကာလတန်ဖိုးငွေ ဘီလီယံနှင့်ချီသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းအတွက် ပါဝင်ဆောင်ရွက်သူ အားလုံးကို ချီးကျူး ဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပေသည်။   ။