ဒီမိုကရေစီအခွင့်အရေးအပြည့်အဝခံစားခွင့်

 

ဒီမိုကရေစီအခွင့်အရေးအပြည့်အဝခံစားခွင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ  လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးပင် ဖြစ်သည်။ ရွေးကောက်ပွဲရာနှုန်းပြည့် ကျင်းပအောင် မြင်ရန်ခက်ခဲသော်လည်း ပြည်သူတို့၏မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး စွမ်းအားရှိသမျှ လုပ်ဆောင်သွားမည် ဖြစ်သည်။ စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်မည် ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်သောကြောင့် တိုင်းရင်းသား အားလုံးက မိမိတို့ဒေသအခွင့်အရေးများကို တရားဥပဒေနှင့်အညီတောင်းဆိုနိုင်ရေး နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပါဝင်နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။

လွှတ်တော်အသီးသီးတွင် အစည်းအဝေးထမြောက်ရေးအတွက် သိက္ခာရှိသည့် လွှတ်တော် အစည်းအဝေး ဖြစ်အောင် သတ်မှတ်ကိုယ်စားလှယ်များ ရွေးချယ်တက်ရောက်နိုင်ရေး မဖြစ်မနေဆောင်ရွက်မည် ဖြစ်သည်။

လွှတ်တော်များတွင် သက်ဆိုင်ရာဒေသအလိုက်ပါတီများပါဝင်မှသာ လွှတ်တော်အတွင်းကိုယ်စားပြုမှု များမည်ဖြစ်သည်။ ပြည်သူတို့၏ အသံနှင့်ဖြစ်စေချင်သည့် အချက်များကို ပြောခွင့်ရမည် ဖြစ်ပါသည်။ နိုင်ငံ့  လူဦးရေ၏ ၂၈ ရာခိုင်နှုန်းခန့်သည် မြို့ပေါ်တွင်နေထိုင်ကြပြီး ၇၂ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသ တွင်နေထိုင်ကြသည်။ မြို့ပေါ်တစ်ခုတည်း၏ ဆန္ဒကိုသာ မကြည့်ဘဲ ကျေးလက်နေပြည်သူများ၏ မဲပေးခွင့် ဆန္ဒပြုမှုများကိုလည်း အလေးထားရမည်ဖြစ်သည်။ ထို့ကြောင့်တည်ငြိမ်မှု နည်းပါးနေသေးသည့် တိုင်းနှင့် ပြည်နယ်အချို့တွင် တည်ငြိမ်အေးချမ်းရေးကို အလေးအနက်ထား ဆောင်ရွက်နေပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့်  မည်သည့်တိုင်းဒေသကြီး၊  မည်သည့်ပြည်နယ်သည်  ငြိမ်းချမ်းမှုမရှိသောကြောင့် ရွေးကောက်ပွဲလုပ်၍မရဟူ၍ချန်လှပ်ထားမည်မဟုတ်ပေ။ အကယ်၍ချန်လှပ်ထားခဲ့ပါက ယင်းဒေသတွင် ဒီမိုကရေစီ ဆိတ်သုဉ်းသွားမည်။ အာဏာရှင်စနစ်၊ စစ်ဘုရင်စနစ်များဝင်လာပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများနစ်နာမည် ဖြစ်ပါသည်။ ထို့ကြောင့်ဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားသည် ဆိုပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကိုလုပ်နိုင်အောင်ကြိုးစားရမည်ဖြစ်သည်။ နိုင်ငံရေးပါတီ များကလည်း ဝိုင်းဝန်းကူညီပေးရန် လိုအပ်လှသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုကြောင့် အမည်းစက်ဖြစ်ခဲ့ရသည့် အဖြစ်မျိုးထပ်မံမဖြစ်စေရေး အဖြစ်နိုင်ဆုံး မဲစာရင်းမှန်ကန်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်သည်။ အောင်မြင်စွာ ကောက်ယူနိုင်ရေးနှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့်အခက်အခဲများကို ကြိုတင်ပြင် ဆင်ထားနိုင်ရေး စမ်းသပ်သန်းခေါင်စာရင်းကိုလည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် မြို့နယ်ပေါင်း ၂၀ အတွင်းရှိ စာရင်းကောက်ကွက် ၁၀၀ ၌ ပဏာမဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့်သန်းခေါင်စာရင်းကောက်ယူပြီးမှသာ လူဦးရေစာရင်းထွက်လာမည်ဖြစ်ပြီး မဲစာရင်းများ ပြုစုနိုင်မည်ဖြစ်သည်။ သန်းခေါင်စာရင်းများအပြည့်အဝကောက်ယူနိုင်မှသာ မှန်ကန် သည့် မဲစာရင်းများ ရရှိမည်ဖြစ်ပြီး  ရွေးကောက်ပွဲကို မှန်ကန်စွာ ပြုလုပ်နိုင်မည်ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှုမပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် မြန်မာအီလက်ထရွန်နစ်မဲပေးစက်   (Myanmar Electronic Voting Machine)   နှင့်စပ်လျဉ်းသည့်  ရှင်းလင်းပြသခြင်းများ၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများအား နေပြည်တော်ရှိ ဗဟိုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်နှင့်တက္ကသိုလ်များစုစုပေါင်း ၄၂ ဖွဲ့၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိမြို့နယ် ၈ ခုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတို့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ဆောင်ရွက်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  နိုင်ငံတော်၏ဒီမိုကရေစီစနစ်လမ်းကြောင်း မှန်ကန် ခိုင်မာစေရေး အတွက် နိုင်ငံ့တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီထမ်းဆောင်နေခြင်းဖြစ်ပါသည်။  တာဝန်စတင်ယူစဉ်ကတည်းက ယနေ့တိုင်ရှေ့လုပ်ငန်းစဉ်တိုင်း၌ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အမြဲထည့်သွင်းဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ ဆန့်ကျင်ဘက် အဖွဲ့အစည်းများအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မျက်ကွယ်ပြုပြီး နိုင်ငံတော်ကြီး မအေးချမ်းအောင်၊ ပြည်သူများ၏လူမှုစီးပွားဘဝပျက်ယွင်းအောင် မိုက်မဲသည့်အတ္တကို ရှေ့တန်းတင်ပြီး အကြမ်းဖက်လမ်းစဉ်ကို နေ့စဉ်နှင့်အမျှ ပုံဖော်ဆောင်ရွက်လျက်ရှိသည်။

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်ကြီးအေးချမ်းသာယာပြီး ရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်မည်ကို အထူးစိုးရိမ်လျက်ရှိသည့်အတွက် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့်မူ နိုင်ငံသားတိုင်းဒီမိုကရေစီ၏ အခွင့်အရေးများကို အပြည့်အဝ ခံစားခွင့်ရအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။