လူငယ်များ စွမ်းဆောင်ရည်မြင့်မားရေး

 

လူငယ်များ စွမ်းဆောင်ရည်မြင့်မားရေး

 

အယ်ဒီတာ့အာဘော်              

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်)

    ပညာဆိုသည်မှာ ဟုတ်မှန်သောသဘောကို သိမြင်နိုင်သော အသိဉာဏ်ပင်ဖြစ်သည်။ လောက၌ အသိအမြင်ဟူသော အလင်းမရှိပါက အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို မသိနိုင်ဘဲ အမှောင်တိုက်သာလွှ မ်းမိုးနေမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားက ပညာသည် မောဟအမိုက်မှောင်ကို ခွင်းနိုင်သည်ဟု မိန့်တော်မူသကဲ့သို့ လောကီ၌လည်း ပညာမပါဘဲ အကျိုးစီးပွား ဖြစ်ထွန်းနိုင်မည် မဟုတ်ပေ။ အသိပညာဟူသည် လောက၌ အသုံးချရမည့် ဗဟုသုတ၊ အချက်အလက်များကို စိတ်နှလုံးဖြင့်သင်ယူခြင်း၊ ကြံစည်ခြင်း၊  ပွားများသိမြင်ခြင်းပင်ဖြစ်သည်။ အသိပညာပိုင်းတွင် လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကိုယ်ကျင့်တရားစသော စိတ်ဖြင့်သင်ယူ ကြံစည်ပွားများနိုင်သော ပညာရပ်များ ပါဝင်သည်။

အသက်မွေးဝမ်းကျောင်း ဟူသမျှတွင်   ပညာဖြင့်အသက်မွေးသော သူ၏အသက်ရှင်ခြင်းသည် မြတ်သော အသက်ရှင်ခြင်းဖြစ်သည်။ သူ့စီးပွား၊ မိမိစီးပွားကို မသိသောသူကား  မျက်စိနှစ်ဖက်လုံးချို့သည် မည်၏။ မိမိစီးပွားကိုသာ သိ၍ သူ့စီးပွားကိုမသိသူကား မျက်စိတစ်ဖက်ချို့သည်မည်၏။  နှစ်ပါးစုံကိုသိ သောသူကား မျက်စိနှစ်ဖက် ရှိသည်မည်၏။ ဤသို့မျက်စိနှစ်ဖက် ရှိသောသူကား လူလည်းအိမ်ထောင်အမှု၌ လုံ့လအထအကြွရှိသော အကျင့်၊  ပဉ္စသီလဆောက်တည်သော အကျင့်၊ ဥပုသ်ဆောက်တည်သော အကျင့်ကိုကျင့်လျက် အသက်မွေးခြင်းသည်ပင်လျှင် ပညာဖြင့်အသက်မွေးသည် မည်ပါသည်။

ပညာသည်အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်။ လောကပြင်ကျယ်တည်း ဟူသော ကျောင်းကြီး၌ လူသားတို့သည်  ပုခက်တွင်းမှသည်မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့်  လူတို့၏ တစ်သက်တာတွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။  ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဉာဏ်အားကို လည်းကောင်း၊ မိမိဉာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကို လည်းကောင်း (Emotion of  the Education) ပြုပြင်ပြုစုစီမံထားခဲ့သူ သာလျှင်ဖြစ်သည်။

ပညာရပ်ဆိုင်ရာဘွဲ့များ ရရှိထားစေကာမူ၊ အသက်အရွယ်မည်မျှပင် ကြီးရင့်စေကာမူ ပညာဆိုသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာသုံးသပ်နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက်၊ အသုံးမဝင်ပေ။ ပညာသည်စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်ကိုကျော်၍ မြင်နိုင်စွမ်းရှိရပေမည်။ ပညာသည် လူ၏ဉာဏ်ကို ပြုပြင်တိုးချဲ့ရုံသာမဟုတ်။ လူ၏စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူထု၏ဆန္ဒအား၊ လုပ်အားကို နူးညွတ်စေရမည်။ ရာဇဝင်သိရုံသာမဟုတ်။ ရာဇဝင်ကို ဖန်တီးနိုင်ရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့နိုင်ရမည်။  ပထဝီပညာကို သိရုံသာမဟုတ်၊ မြေသစ်၊ ရေသစ်၊ တောတောင်တို့ကို ရှာဖွေစုံစမ်းနိုင်စွမ်းရှိရမည်။  လောကအကြောင်းကို နားလည်စေရုံသာမဟုတ်။ သည့်ထက်ကောင်းသော လောကကိုဖန်ဆင်းနိုင်ရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းတည်းဟူ၍ ရှေးကပညာရှင်များက ဖွင့်ဆိုထားပါသည်။

မြန်မာနိုင်ငံတွင် မျိုးဆက်သစ် လူငယ်များအတွက်  ပညာရေးသည်အဓိက မောင်းနှင်အားဖြစ်သည်။ ပညာဆိုသည်မှာ အသိဉာဏ်ကိုရရှိရန် ရှာဖွေဆည်းပူးအပ်သော အတတ်ဟုဆိုပါသည်။ မြန်မာစကားပုံ တွင် ပညာရွှေအိုး လူမခိုးဟူ၍ဆိုထားပါသည်။ မိမိကိုယ်တွင် တတ်မြောက်ထားသော ပညာကို မည်သူကမှ ခိုးယူ၍မရနိုင်ပေ။ စာသင်ကျောင်းများမှ သင်ကြားပေးသောစာပေပညာ၊  လုပ်ငန်းခွင်မှ သင်ကြားပေးသော

အသက်မွေးဝမ်းကျောင်း ပညာဟူ၍နှစ်မျိုးရှိပေရာ လူငယ်များအဖို့ အတတ်ပညာနှင့်အတူ အသိပညာပါ သင်ကြားမှသာ   ပညာပြည့်ဝနေမည်ဖြစ်သည်။ ပညာသည် ကမ္ဘာတစ်ဝန်းလုံးအတွက် မရှိမဖြစ်သောအရာဖြစ်ပါသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ လူငယ်များ၏ စွမ်းဆောင်ရည်မှာ ပညာအလင်းရောင်နှင့်အတူ တစ်မျိုးသားလုံးအတွက် တန်ဖိုးရှိလာမည်ဖြစ်သည်။ ပညာရပ်များ မြင့်မားတိုးတက်မှုသည် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ရာလည်း ရောက်ပေသည်။ တစ်မျိုးသားလုံး ပညာရည်မြင့်မားလာရန် လူငယ်များက ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်မှုမြှင့်တင်ကြမှသာ အနာဂတ်မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရပ်တည်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ လျှောက်လှမ်းလျက်ရှိရာတွင်  ပညာသည်ရှေ့ဆောင် လမ်းပြနေရာတွင်ရှိနေပါသည်။ ယနေ့အချိန်အခါသည်  ပညာခေတ်ဟု ညွှန်းဆိုထားသည့်အတိုင်း အသိပညာ၊ အတတ်ပညာ၊ စဉ်းစားတွေးခေါ်မှု ပညာစသည်ဖြင့် အရာရာကိုပညာဖြင့် လုပ်ဆောင် ကြရမည်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်တိုင်းပါဝင်၍ အားသွန်ခွန်စိုက် လုပ်ဆောင်ကြရမည်ဖြစ်သည်။ သို့မှသာ  မျိုးဆက်သစ်လူငယ်များသည် စွမ်းဆောင်ရည်မြင့်မား၍ ပညာဖြင့် နိုင်ငံ့ဂုဏ်၊  လူမျိုးဂုဏ်ဆောင်နိုင်သူများ ဖြစ်လာပေလိမ့်မည်ဟု ယုံကြည်ပါကြောင်း  ရေးသားလိုက်ရပေသည်။   ။