အန္တိမရည်မှန်းချက်အောင်မြင်စေရေး

 

အန္တိမရည်မှန်းချက်အောင်မြင်စေရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄)သို့ တက်ရောက်အမှာစကား ပြောကြားစဉ် မိမိတို့နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်ကာလမှစ၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ရာ၌ မဲမသမာမှုများကို ရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးဖော်ထုတ်သွားမည်ဆိုသည့်အချက်ပါဝင်ခဲ့ပြီး တစ်နှစ်ကျော်ကာလအတွင်း ဖော်ထုတ်ပြီးစီးခဲ့ကြောင်း၊ သို့သော်ရွေးကောက်ပွဲရလဒ်အပေါ် အရေးယူဆောင်ရွက်မှုအပေါ် ကျေနပ်မှုမရှိသူများက သာမန်ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူဆန္ဒပြမှုများ၊ ၎င်းင်းမှတစ်ဆင့် အကြမ်းဖက် တိုက်ခိုက်မှုများ၊ မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သဖြင့် သာမန်အခြေအနေ ပျက်ယွင်းသွားကြောင်း၊ ထိုသို့အကြမ်းဖက် တိုက်ခိုက်သည့်နည်းများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ခဲ့မည် ဆိုပါက အရေးပေါ်ကာလပြဋ္ဌာန်းမှုမှာ ယခုကဲ့သို့ကြာမြင့်ခဲ့မည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်ပမှသွေးထိုးမြှောက်ပင့်နှောင့်ယှက်မှု ကင်းစင်ခဲ့မည်ဆိုပါက မြန်မာ့နိုင်ငံရေးမှာ လှိုင်းလေငြိမ်သက်နေသည့် ပင်လယ်ပြင်ပမာ ဖြစ်နေပေလိမ့်မည်။ ပြည်ပမှသွေးထိုးမြှောက်ပေးခြင်း၊ ပြည်တွင်းမှ

ပုဆိန်ရိုးများ ရှိနေခြင်းကြောင့် အရေးပေါ်ကာလမှာ ကြာမြင့်နေခြင်းဖြစ်သည်။ သာမန်ဆန္ဒပြ တောင်းဆိုမှုမျိုး မဟုတ်တော့ဘဲ လက်နက်ကိုင်အကြမ်းဖက်အဖျက်လုပ်ရပ်များကို မုန်းတီးရွံရှာဖွယ်ကောင်းအောင် လုပ်ဆောင် လာခြင်းကြောင့် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ခဲ့သည်။  သာမန်အချိန်သို့ပြန်လည် မရောက်ရှိသေးသဖြင့် အရေးပေါ်ကာလ ပြဋ္ဌာန်းမှုများကို ပိုမိုကြာမြင့်စေခဲ့သည်။

အလားတူ EAO များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် NCA လက်မှတ်ရေးထိုးထားသော EAO အဖွဲ့များအနက် KNU မှ သဘောထား တင်းမာသူအချို့၊ CNF နှင့် ABSDF တို့က အကြမ်းဖက်လမ်းစဉ်တွင်ပါဝင်ခဲ့ကြသည်။ လက်မှတ်ရေး ထိုးမထားသည့် အဖွဲ့များထဲမှ KIA   အဖွဲ့အနေဖြင့်လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို အကြမ်းဖက် တိုက်ခိုက်သည့် သင်တန်းများ၊ မိုင်းထောင်ဖောက်ခွဲသည့်သင်တန်းများသင်ကြားပေးပြီး လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့သည်။ KNPP အဖွဲ့အနေဖြင့် ဆူပူအကြမ်းဖက်မှုကိုလိုလားသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို အကြမ်းဖက်သင်တန်းများသင်ကြားပေးခြင်းနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးပြ၍ တိုက်ကွက်များဖော်လာခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းများသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ဆောင်မှုများဖြစ်သည်။

ထိုအထဲမှ MNDAA အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လောက်ကိုင်ဒေသကို အင်အား အလုံးအရင်းဖြင့် ဒရုန်းများ အသုံးပြု၍ Drop Bomb များဖြင့်  တိုက်ခိုက်ခဲ့သည်။ တရားမဝင်လုပ်ငန်းများ၊  ၎င်းင်းတို့၏မဟာမိတ်များမှထောက်ပံ့မှုများ၊  မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများမှရရှိခဲ့သည့်  ငွေကြေးများအသုံးပြုကာ  တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တည်ငြိမ်နေသည့်ဒေသများမှာ အကြမ်းဖက် သောင်းကျန်းသူများကြောင့် ဒေသခံပြည်သူတို့ ဆင်းရဲမှုအမျိုးမျိုးကြုံတွေ့လျက်ရှိသည်။ ထိုသို့ MNDAA အဖွဲ့၏ တိုက်ခိုက်မှုများလုပ်ဆောင်နေမှုသည် သာမန်အခြေအနေကို ထိခိုက်စေသည့်လုပ်ရပ်များပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းချိန်တွင် စနစ်တကျဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။  လက်ရှိ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုနိုင်ငံရေးအရ ဦးဆောင်မှုပေးရန် ဖြစ်သည်။  ထိုသို့ဖွဲ့စည်းဆောင်ရွက်ရာတွင်လည်း  တပ်မတော်မှတာဝန်အရှိဆုံးပုဂ္ဂိုလ်များ၊ တိုင်းရင်းသားနှင့် ဒေသများမှကိုယ်စားလှယ် ခေါင်းဆောင်များကို ထည့်သွင်းဖွဲ့စည်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ်လုပ်နိုင်စွမ်း ဦးဆောင်နိုင်စွမ်းရှိသူများကို ထည့်သွင်းထားခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသော သိက္ခာရှိသည့်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ်သည်။

ဦးတည်ချက်များတွင် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရာတွင် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်မှာ  စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးပင်ဖြစ်သည်။ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးပင်ဖြစ်သည်။  တိုင်းပြည်သာယာဝပြောရေးမှာ များစွာကျယ်ပြန့်သည်။  နိုင်ငံတည်ငြိမ် အေးချမ်းပြီး လူတိုင်းအေးချမ်းသာယာစွာ လူမှုစီးပွားဘဝများတိုးတက်အောင် နေထိုင်လုပ်ကိုင် ဆောင်ရွက်နိုင်ပြီး အေးချမ်းစွာ ပညာသင်ကြားနိုင်ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိအောင် အလေးထား ဆောင်ရွက်လျက်ရှိသည်။ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍တရားမျှတသော သိက္ခာရှိသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးသည် အဓိကအချက်ဖြစ်ပေရာ မိမိတို့၏နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် အစိုးရ၊  ပြည်သူနှင့်တပ်မတော်တစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။