အနာဂတ်ကြယ်ပွင့်များ လင်းလက်နေပါစေ

 

အနာဂတ်ကြယ်ပွင့်များ လင်းလက်နေပါစေ

လူငယ်ဆိုသည်မှာ အနာဂတ်၏ ကြယ်ပွင့်ကလေးများဖြစ်သည်။ ထိုကြယ်ပွင့်ကလေးများသည် အစဉ်အမြဲ ထွန်းလင်းတောက်ပနေရန် လိုအပ်ပေသည်။ ထိုသို့တောက်ပနေရန်မှာ ကိုယ်ပိုင်အရည်အသွေး စွမ်းရည်စွမ်းအားများ ပြည့်ဝနေရန်လိုပေသည်။ ထိုသို့ဖြစ်စေရန်မှာ ပညာသင်ယူကြရမည့်အရွယ်တွင် ပညာကိုဆုံးခန်းတိုင်အောင် သင်ယူတတ်မြောက်ကြရမည်ဖြစ်သည်။ လူငယ်ဆိုသည်မှာ နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ထမ်းဆောင်ရမည့်သူများ ဖြစ်ပေရာ လူငယ်များကို ပြုစုပျိုးထောင်နေခြင်းမှာ နိုင်ငံတော်၏ အနာဂတ်ကို အကောင်းဆုံးပုံဖော်ပေးခြင်းပင်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေ၍ ပညာကိုဆုံးခန်းတိုင်သင်ယူမှသာ လူငယ်တို့သည်လည်း အစဉ်တောက်ပနေသည့်ကြယ်ပွင့်များ ဖြစ်ပေမည်။

စာသင်နှစ်တစ်နှစ်နစ်နာခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်တိုင်းပြည်အတွက် ထိခိုက်နစ်နာစေခြင်းပင် ဖြစ်သည့်အတွက် နစ်နာမှုမရှိရအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူဦးရေအချိုးအစားများပြားခြင်းကြောင့် လူဦးရေဆုလာဘ်ရရှိထားသည်ဟုပင် ဆိုနိုင်သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက်လူဦးရေ၊ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်းအနက် ထက်ဝက်ခန့်သာလျှင်  အလယ်တန်းအဆင့် ပညာတတ်မြောက်မှုအဆင့်၌သာရှိကြောင်း တွေ့ရှိရသည်။

ပညာရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးတွင်ရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ အားလုံးဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသော်လည်း အချို့သောနယ်မြေများ၌ နယ်မြေ အခြေအနေအရ မဖွင့်လှစ်နိုင်သည့်ကျောင်းများ ရှိနေသည်။ အချို့သောမြို့နယ်များ၌ လက်နက်ကိုင် အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များအားလုံး တတ်နိုင်သမျှဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးထားသော်လည်း အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်သူများကြောင့် မဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါ ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာ ထိခိုက်နစ်နာလျက်ရှိသည်။

ယခုဖေဖော်ဝါရီလနှင့် လာမည့်မတ်လတို့တွင် အခြေခံပညာစာမေးပွဲများ ကျင်းပတော့မည်ဖြစ်ရာ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ရွာအကျိုး လိုလားသူများအားလုံး အတူတကွဝိုင်းဝန်းပေါင်းစပ်၍ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တိုင်းပြည်နစ်နာမှု မရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

အဖျက်အမှောင့် လုပ်ဆောင်နေသူများအနေဖြင့် ကိုယ်ချင်းစာတရားကင်းမဲ့စွာ၊ အသိဉာဏ်ခေါင်းပါးစွာ  ပညာရေးကို ထိခိုက်နစ်နာအောင် လုပ်ဆောင်လျက်ရှိသည်မှာ ယင်းတို့၏ဒေသခံများ၊ လူငယ်များ တိုးတက်ကြီးပွားရေးလမ်းကြောင်းကို ပိတ်ဆို့ထားခြင်း ဖြစ်သည်။

ပြည်သူများအနေဖြင့် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်ပြီး မိမိတို့ပတ်ဝန်းကျင် အနီးအနားတစ်ဝိုက်တွင် အကြမ်းဖက်အဖျက်သမားများမရှိအောင် လုပ်ဆောင်ကြရမည် ဖြစ်သည်။ ပြည်သူလူထု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတာဝန်ရှိသူများ အားလုံးညီညီညွတ်ညွတ်ဖြင့် စည်းလုံးမှုရှိပါက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အောင်မြင်မည်ဖြစ်သည်။

အဓိကမှာ အကြမ်းဖက်သူများ၏ သတင်းပေးပို့ရန်ဖြစ်ပြီး သတင်းပေးပို့သူကိုလည်း လျှို့ဝှက်ပေးထားရမည် ဖြစ်သည်။ လက်နက်ကိုင် အကြမ်းဖက်သမားများအနေဖြင့် မူးယစ်ဆေးဝါးကို ၎င်းတို့အကျိုးအမြတ်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို  သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ထို့ပြင် အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍လည်း ထိထိရောက်ရောက်ဖော်ထုတ် အရေးယူကြရမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းများမှ တရားမဝင်ငွေကြေးများသည် လက်နက်ကိုင် အကြမ်းဖက်သမားများထံသို့ ငွေကြေးစီးဆင်းမှုများ ဖြစ်ပေါ်စေပြီး အဆိပ်ပင်ရေလောင်းနေသကဲ့သို့ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးကဏ္ဍမြင့်မားရေးကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများ၊ အဖျက်အမှောင့်ပယောဂ အမျိုးမျိုးတို့ကြောင့် ပြီးခဲ့သည့် စာသင်နှစ်များအတွင်း စာသင်နှစ်များဆုံးရှုံးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများရှိခဲ့သည်။ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများပညာရေးဆုံးရှုံးမှု မရှိစေရေးအတွက် အဓိကဆောင်ရွက်သင့်သည်မှာ မိမိတို့နေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်တို့တွင် အဖျက်အမှောင့် လုပ်ဆောင်နေသူများ ရှိနေသည်ကိုသိလျက်နှင့် မြိုသိပ်မထားသင့်ပါ။ သိလျှင်သိသလို သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးခြင်းဖြင့် မိမိတို့၏သားသမီးများ ပညာရေးလမ်းကြောင်းရှင်းလင်းရေးကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

စာသင်နှစ်တစ်နှစ် ကျော်လွန်သွားခြင်းသည် အသက်တစ်နှစ်ကြီးသွားပြီး ကလေးများအတွက် အချိန်ကို အချည်းနှီးကုန်ဆုံးလိုက်ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မကြာမီကျင်းပတော့မည့် အခြေခံပညာ ကျောင်းစာမေးပွဲများအားလုံး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ပြည်သူတစ်ရပ်လုံးက နိုင်ငံတော် အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြမှသာ အနာဂတ်ကြယ်ပွင့်များ လင်းလက်နေမည် ဖြစ်ပါကြောင်း။  ။