ဆက်သွယ်မှုကောင်းခြင်းဖြင့် တိုက်ပွဲတိုင်းအောင်ရမည်

 

ဆက်သွယ်မှုကောင်းခြင်းဖြင့် တိုက်ပွဲတိုင်းအောင်ရမည်

ဆက်သွယ်ရေးတပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါက  ဒုတိယကမ္ဘာစစ်မတိုင်မီ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် စတင်အခြေတည်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။   လွတ်လပ်ရေးမရမီကတည်းက ဖြစ်တည်ခဲ့သော်လည်း တပ်မတော်တစ်ရပ်လုံး ဆက်သွယ်မှုပြန်လည်ရရှိခဲ့သည့်  ၁၉၄၉ ခုနှစ်  ဖေဖော်ဝါရီလ ၅ ရက်သည် ဆက်သွယ်ရေးတပ်ဖွဲ့၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် ဆက်သွယ်ရေးတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် (၇၅)နှစ်မြောက် စိန်ရတုကာလသို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ဆက်သွယ်ရေးတပ်ဖွဲ့၏ ကြွေးကြော်သံသည် ဆက်သွယ်မှုကောင်းခြင်းဖြင့် တိုက်ပွဲတိုင်းအောင်ရမည် ဟူ၍ဖြစ်သည်။

ဆက်သွယ်ရေးတပ်ဖွဲ့သည် တပ်မတော်၏အစိတ်အပိုင်းတစ်ခုဖြစ်ပေရာ တပ်မတော်တစ်ရပ်လုံးရှိ အစိတ်အပိုင်းများ အားလုံးကောင်းမွန်မှသာ တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်လာပေမည်။          

နိုင်ငံတော်တွင်လည်းကောင်း၊ တပ်မတော်တွင်လည်းကောင်း ဆက်သွယ်ရေးသည်အရေးကြီးသည်။ ဆက်သွယ်ရေး လုံခြုံမှုသည် အထူးအရေးကြီးဆုံးဖြစ်သည်။ ဆက်သွယ်ရေးလုံခြုံမှုကောင်းလျှင် ကောင်းသလောက် အောင်ပွဲများရရှိမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ၁၉၄၉ ခုနှစ်အခြေအနေကို ပြန်လည်ကြည့်မည်ဆိုလျှင် ပြည်တွင်းသောင်းကျန်းမှုများ အဆိုးရွားဆုံး အခြေအနေအထိ ရောက်ခဲ့ပြီး ရန်ကုန်အစိုးရဟုလှောင်ပြောင်ခေါ်ကြသည်။

ဆက်သွယ်ရေးစက်ပစ္စည်းအမြောက်အမြားဆုံးရှုံးခဲ့ရပြီး ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် မြန်မာပြည်အနှံ့အပြားဆက်သွယ်မှုများ ပြတ်တောက်သွားခဲ့သည်။ ထိုအခြေအနေမှ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရေဒီယိုဆက်သွယ်မှုများ ပြန်လည်ရရှိအောင်ဆောင်ရွက်ခဲ့သည်။ ဆက်သွယ်ရေး တပ်ဖွဲ့သည် နိုင်ငံတော်အတွက် အရေးပေါ်အခြေအနေ ကြုံတွေ့လာသည့်အချိန်တိုင်း အဓိကပင်မ တာဝန်ဖြစ်သည့်  ဆက်သွယ်မှုမပြတ်တောက်စေရေး ဆောင်ရွက်ခြင်းသာမက  ရုပ်သံလွှင့်ကဏ္ဍ များတွင်လည်း ဝင်ရောက်ဆောင်ရွက်ပေးနိုင်သည်ကို တွေ့ရှိရသည်။

ဆက်သွယ်ရေးတပ်ဖွဲ့သည် တပ်မတော်စတင်တည်ထောင်ချိန်မှ ယနေ့အချိန်ကာလအထိ မြန်ရမည်၊ မှန်ကန်သေချာရမည်၊  လုံခြုံမှုရှိရမည်၊  အီလက်ထရွန်နစ်စစ်ဆင်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ရမည် ဆိုသည့်ဆောင်ပုဒ်အတိုင်း အကောင်းဆုံးကျေပွန်အောင် စွမ်းဆောင်လျက်ရှိကြသည်။  သမိုင်းကြောင်းကို လေ့လာကြည့်ပါက ၁၉၃၉ ခုနှစ်တွင် ယခုပြင်ဦးလွင်ဟုခေါ်သည့် မေမြို့တွင် မြန်မာအချက်ပြဆက်သွယ်ရေးတပ် (Burma Signals) ကိုစတင်ဖွင့်လှစ်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်အတွင်းတွင် အချက်ပြဆက်သွယ်ရေးတပ်ကို အချက်ပြဆက်သွယ်ရေး အတတ်သင်တပ်ခွဲ(မေမြို့)နှင့် အချက်ပြဆက်သွယ်ရေးတပ်(မင်္ဂလာဒုံ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

တိုးချဲ့ဖွဲ့စည်းလာသည့် ဆက်သွယ်ရေးတပ်များကို ကွပ်ကဲနိုင်ရန်အတွက် ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အချက်ပြဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၈ ခုနှစ် ဇူလိုင်လ ၁ ရက်မှစတင်ကာ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးအဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။ ယခုအခါ (၇၅)နှစ်မြောက် စိန်ရတုကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ရာ စိန်ရတုကာလအတွင်း အထက်ကပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင်မြင်အောင် စွမ်းစွမ်းတမံထမ်းဆောင်နိုင်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် (၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေး တပ်ဖွဲ့နေ့ အခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားစဉ် ဆက်သွယ်ရေးတပ်ဖွဲ့သည် တပ်မတော်အတွက် အရေးပါရုံသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ပထမဆုံး Fiber Optic Network ကို တည်ထောင်နိုင်ခဲ့ပြီး စစ်ဘက်၊ နယ်ဘက် နှစ်ရပ်လုံးတွင် အသုံးပြုနိုင်ခဲ့သည့်အတွက် Information Communication Technology  ဟုခေါ်သည့် TCT ကဏ္ဍတွင် တစ်ဟုန်ထိုး တိုးတက်မြင့်မားလာခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် ဆက်သွယ်ရေးတပ်ဖွဲ့၏ (၇၅)နှစ်မြောက်မှသည် နှစ်ပေါင်းများစွာ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ဆက်လက်ရှင်သန် အောင်ပွဲခံနိုင်ပါစေကြောင်း။    ။