သာယာပျော်ရွှင်ဖွယ် တို့ပြည်ထောင်စုရှမ်းပြည်နယ်

 

သာယာပျော်ရွှင်ဖွယ် တို့ပြည်ထောင်စုရှမ်းပြည်နယ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုး အားလုံးတို့သည် အချင်းချင်းသွေးမကွဲကြဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦးနားလည်ခွင့်လွှတ်မှု၊ ရိုင်းပင်းကူညီမှုတို့ဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို ဖော်ဆောင်ကြရမည် ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည့်နိုင်ငံဖြစ်၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် အဓိကကျပါသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေရန်အတွက် အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူကြရေးပင် ဖြစ်ကြောင်း အသိပေးတိုက်တွန်း မှာကြားလိုပါသည် ဟူ၍ ဖော်ပြထားပါသည်။

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏အရှေ့ဘက်တောင်တန်းဒေသများဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၆၀၀၀၀ ကျော်ရှိကာ  တစ်ဖက်နိုင်ငံများနှင့်လည်း  ဆက်စပ်နေသဖြင့် နိုင်ငံအတွက်အရေးပါသော ပြည်နယ်တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကို တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အတူတကွရယူကြရန်အတွက် ရှမ်းပြည်နယ် အတွင်းရှိ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှ  ၆ ရက်နေ့အထိ ဆွေးနွေးခဲ့ကြပြီး ပြည်မနှင့်အတူပူးပေါင်း၍ လွတ်လပ်ရေးအရယူမည့် သဘောတူ ဆုံးဖြတ်ချက်များကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ချမှတ်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့ဟုသတ်မှတ်ခဲ့ရာ ယခုအခါ (၇၇) နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။

ရှမ်းပြည်နယ်နေ့သည် သမိုင်းဝင်ပြည်ထောင်စုနေ့၏ အခြေခံ၊ ပင်လုံစာချုပ်၏ ပဋိညာဉ်များကို ချမှတ်နိုင်ခဲ့သည့် တိုင်းရင်းသားအားလုံး၊ မြန်မာတစ်မျိုးသားလုံးနှင့်သက်ဆိုင်သော၊ ထူးခြားလေးနက်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။  ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်  မတူကွဲပြားသည့်  တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးသည် နှစ်ကာလကြာရှည်စွာ ကမ္ဘာ့အလယ်တွင် တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ သို့သော်လည်း မတရားကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး တစ်နိုင်ငံလုံး ကိုလိုနီနယ်ချဲ့ လက်အောက်ကျရောက်ကာ နှစ်ပေါင်း ၁၀၀ ကျော် ကုပ်သွေးစုပ် အမြတ်ထုတ်ခံရခြင်းနှင့်အတူ သွေးခွဲအုပ်ချုပ်မှုကို ခံခဲ့ကြရသည်။

လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့သည့် အမွေဆိုးကို ယခုထိခံစားနေရဆဲ ဖြစ်ပါသည်။ ကိုလိုနီလက်အောက်တွင် ဖိနှိပ်အုပ်ချုပ်မှုကို ရှမ်းတိုင်းရင်း သားများအပါအဝင် နိုင်ငံနှင့်အဝန်း တိုင်းရင်းသားပြည်သူအားလုံးက မျိုးချစ်စိတ်ဓာတ်ဖြင့် အသက်သွေးချွေးများစွာ ပေးဆပ်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်လည်း သွေးခွဲအုပ်ချုပ်သည့် အမွေဆိုးကြောင့် ပြည်ထောင်စုအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲကာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ယနေ့အထိ ဖြစ်ပွားလျက်ရှိသည်မှာ သတိထားသင့်သည့်အချက် ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း စုစည်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒအမှန်မှာ အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံ ရေးပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူအားလုံးအကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို  ခေတ်မီနည်းစနစ်များဖြင့်  တိုးတက်အောင်ဆောင်ရွက်လျက်ရှိပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည်ဖော်လျက်ရှိပါသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံနှင့်အဓိကကျသည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ယခုထက်ပိုမိုအားကောင်းရန် လိုအပ်သဖြင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ အနေဖြင့်လည်း MSME လုပ်ငန်းများအောင်မြင်ရေးကို အလေးထားဆောင်ရွက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်ပေးလျက်ရှိပါသည်။ အထူးသဖြင့် ရှမ်းပြည်နယ်သည် တိုင်းရင်းသားမျိုးနွယ်စု အများဆုံးနေထိုင်လျက်ရှိသည့် ပြည်နယ်ကြီးလည်း ဖြစ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးအနက် ဧရိယာအကျယ်ပြန့်ဆုံးပြည်နယ်ကြီးလည်းဖြစ်သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နေချိန်တွင် ပဋိပက္ခများ ပိုမိုကြီးမားအောင် နိုင်ငံတော်ကို၏ ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်နေကြသည့် အကြမ်းဖက် သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့အစည်းများရှိနေခြင်းမှာ ဒေသနေပြည်သူများအတွက် ကြီးမားသော အနှောင့်အယှက်ပင်ဖြစ်သည်။ ထို့ကြောင့် အေးချမ်းသာယာပျော်ရွှင်ဖွယ်ကောင်းသည့် ရှမ်းပြည်နယ်ဖြစ်စေရေး ဒေသခံတိုင်းရင်းသားများ အားလုံးစည်းလုံးညီညွတ်စွာ  တက်ညီလက်ညီဖြင့်  အလေးထား ကြိုးပမ်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။