ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု

 

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏(၁/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့်အညီ ပြည်တွင်းပြည်ပကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဝန်ဆောင်မှုဆိုင်ရာ အထွေထွေလုပ်ငန်းများ ဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည်မှာ စက်သုံးဆီဖြစ်သည်။ အဓိကအားဖြင့် စက်သုံးဆီကိုပြည်သူများ သက်သာသည့် ဈေးနှုန်းနှင့်ဝယ်ယူနိုင်ရန် အမြဲမပြတ်ကြပ်မတ် ဆောင်ရွက် လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကစက်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနှင့်ဟိုတယ်လုပ်ငန်းများ၊ အစိုးရတင်ဒါလုပ်ငန်းများနှင့် ကျန်လုပ်ငန်းများတွင် လိုအပ်သည့်စက်သုံးဆီများကို လွတ်လပ်စွာ တင်သွင်းနိုင်ရေး စီမံဆောင်ရွက်ပေးထားပြီးဖြစ်သည်။ စက်သုံးဆီ တင်သွင်းလိုသည့် ကုမ္ပဏီအသစ်များကို စနစ်တကျ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။  စက်သုံးဆီများကို ပြည်သူအများလုံလောက်စွာ အသုံးပြုနိုင်ရေးနှင့် တရားမဝင်စက်သုံးဆီများရောင်းချမှုမရှိစေရေး  အလေးထား ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီဖမ်းဆီးရမိမှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ၆၅ မှု၊ စက်သုံးဆီ ၂၉၈ ဒသမ ၀၅၇ တန်၊ ခန့်မှန်းတန်ဖိုး  ၇၃၈ ဒသမ ၃၉၂ ကျပ်သန်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ၁၄ မှု၊ စက်သုံးဆီ ၇၄ ဒသမ ၂၂၅ တန်၊ ခန့်မှန်းတန်ဖိုး ၁၇၆ ဒသမ ၄၂၉ ကျပ်သန်းဖြစ်ကြောင်း သိရှိရသည်။ ဝိသမလောဘသမားများအား ဖော်ထုတ်အရေးယူနိုင်မှုကြောင့် စက်သုံးဆီတရားဝင်ရောင်းဝယ်မှုမှာ အဆင်ပြေချောမွေ့လျက်ရှိသည်။

ပြည်သူများ ခရီးသွားလာရာတွင် နီးစပ်ရာစက်သုံးဆီ အရောင်းဆိုင်၌ လိုအပ်သောစက်သုံးဆီအမျိုးအစားကို လိုအပ်သည့်အတိုင်း အလွယ်တကူဝယ်ယူနိုင်ရန် မိမိရောက်ရှိနေသည့်နေရာမှ မိုင် ၃၀ အတွင်းရှိ အရောင်းဆိုင်များကို အလွယ်တကူရှာဖွေပြီး အသင့်ဝယ်ယူနိုင်မည့်အပြင် Monitoring ပြုလုပ်မည့်ဌာနများကလည်း စက်သုံးဆီအရောင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန် အခြေအနေများ၊ ရောင်းချသည့် ဈေးနှုန်းများကို  ကြည့်ရှုစစ်ဆေးနိုင်မည့် ှသ်အတမေန ဗစစူငခအေငသည တစ်ခုကို ရေးဆွဲဆောင်ရွက်နေပြီဖြစ်သည်။ ယခုဖေဖော်ဝါရီလမှစ၍နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၁၀၇ ဆိုင်တွင် Software Application အဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

ပြည်သူများအတွက် စက်သုံးဆီကဲ့သို့ လိုအပ်သည်မှာ စားသုံးဆီဖြစ်သည်။ ပြည်တွင်းဈေးကွက်၌ အရောင်းအဝယ်ပြုရမည့် အခြေခံစားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။ စားသုံးဆီများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လိုအပ်ချက်များကို စိစစ်၍ စနစ်တကျ ဖြန့်ခွဲပေးလျက်ရှိသည်။ စားအုန်းဆီဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် စေရေးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ စက်သုံးဆီကိစ္စရပ်များ၊ ကုန်ကြမ်းပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာ အခက်အခဲကိစ္စရပ်များ၊ စက်ရုံများပုံမှန်လည်ပတ်ရေးအတွက် စက်ပစ္စည်းများ၊ စက်အပိုပစ္စည်းများ တင်သွင်းနိုင်ရေး၊ သက်ဆိုင်ရာဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ပို့ကုန်လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိပြီး အကျိုးအမြတ်များ ရရှိရန်နှင့် ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ (၅၀း၅၀) ရာခိုင်နှုန်းအစား(၃၅း၆၅) ရာခိုင်နှုန်းကို အဆင့်ဆင့်ဖြေလျှော့ဆောင်ရွက်ပေးခဲ့သည်။ ပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသောကုမ္ပဏီများမှ ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်မှုအား ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီက အလေးထားကြပ်မတ် ဆောင်ရွက်ခဲ့မှုကြောင့် ပို့ကုန်ရငွေများ ပိုမိုဝင်ရောက်ခဲ့ပြီ ဖြစ်သည်။

ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ရော်ဘာတင်ပို့မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရော်ဘာတင်ပို့မှုမှ ရရှိသောပို့ကုန်ရငွေဖြင့် ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးတင်သွင်းခြင်း၊ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုမှ ရသောပို့ကုန်ရငွေဖြင့် စက်သုံးဆီနှင့်စားသုံးဆီတင်သွင်းခြင်းများအား ဆောင်ရွက်ခွင့်ပြုပေးခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်နေခြင်းဖြစ်ရာ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ လွယ်ကူ လျင်မြန်ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးတို့ကို အဓိကထားဆောင်ရွက်ပေးလျက်ရှိသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ဝိုင်းဝန်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။