ပြည်သူ့စစ်မှုထမ်းဥပဒေကိုကြိုဆို

ပြည်သူ့စစ်မှုထမ်းဥပဒေကိုကြိုဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေ အမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍  အာဏာတည်ကြောင်း လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ အဆိုပါဥပဒေတွင်ဖော်ပြပါ ရှိသော ပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ ယခုကဲ့သို့ စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်သည်။ လိုအပ်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန် ပေးသွားမည်ဟု သိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟု လည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု လည်းကောင်း ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၏ နိဒါန်းပိုင်းတွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်ရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဋ္ဌာန်းရခြင်း ဖြစ်ကြောင်း သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည်။

နိုင်ငံသားတိုင်းစစ်မှုတာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀(ဃ)တွင် တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက်စီမံ ဆောင်ရွက်ခွင့်ရှိသည် ဟူ၍လည်းပြဋ္ဌာန်းထားသည်။ ထို့အတူ အခြေခံဥပဒေပုဒ်မ ၃၃၉ တွင်  ]]နိုင်ငံတော် အားပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်ကဦးဆောင်ရမည်}}၊ ပုဒ်မ ၃၄၀ တွင် တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏သဘောတူညီချက်ဖြင့် နိုင်ငံတော် လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရမည် ဟူ၍ပြဋ္ဌာန်းထားပါသည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ နိုင်ငံအတွင်း နေထိုင်ကြသူအားလုံး၏ မွေးရာပါတာဝန် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မဟာဗျူဟာဟုခေါ်ဆိုနိုင်သည့် စစ်မှုထမ်းဆောင်ခြင်းကိစ္စရပ်များနှင့် ပတ်သက်၍  ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အနော်ရထာမင်းလက်ထက်တွင် ဆယ်ပြုမြို့၊ ရာပြုမြို့၊ ထောင်ပြုမြို့၊ သောင်းပြုမြို့များ ခွဲခြားသတ်မှတ်ထားခြင်းကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်သည်။ နိုင်ငံသား အားလုံးစစ်ရေးအသိ၊ စစ်ရေးသတိ၊ စစ်ရေးကျွမ်းကျင်မှုရှိနေမည်ဆိုပါက မည်သည့်အဖျက်အမှောင့်မျိုး ကိုမဆို အောင်မြင်စွာ တိုက်ဖျက်နိုင်မည် ဖြစ်သည်။

နိုင်ငံတကာကို လေ့လာကြည့်မည်ဆိုလျှင်လည်း  စစ်မှုမထမ်းမနေရပြဋ္ဌာန်းထားသည့်နိုင်ငံ ၁၈ နိုင်ငံခန့်ရှိသည်။ စစ်မှုထမ်းဆောင်ခြင်း ဆိုသည်မှာ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် ပြည်သူအားလုံးတွင် တာဝန်ရှိသည်နှင့်အညီ ပြဋ္ဌာန်းချက်အမျိုးမျိုး၊ ဥပဒေအမျိုးမျိုးနှင့် ပြဋ္ဌာန်းသက်ဝင် လှုပ်ရှားနေခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် လာအိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတွင် ၁၉၉၁ ခုနှစ်ကတည်းက အမျိုးသား ၁၈ နှစ်အထက်နှင့် အမျိုးသမီး ၂၀ နှစ်အထက် ကျန်းမာရေး ကောင်းမွန်သူအားလုံး ပြည်သူ့စစ်ဌာနချုပ်အလိုက် တပ်သားသစ်စာရင်းသွင်းပြီး သင်တန်းလေ့ကျင့်ပေးကာ ၃ နှစ်စစ်မှုထမ်းကြရသည်။ နိုင်ငံ့ဝန်ထမ်းများမှာ စစ်မှုထမ်းဆောင်ရန်မလိုဘဲနှင့် လေ့ကျင့်ရေးစစ်ပညာ အခြေခံသင်တန်းကို သက်ဆိုင်ရာ ပြည်နယ် စစ်ဌာနချုပ်များတွင် ၆ လသင်တန်းတက်ကြရသည်။

ထိုင်းနိုင်ငံတွင်လည်း အမျိုးသားအားလုံး တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ အရန်တပ်သားအဖြစ် မှတ်ပုံတင်သူများမှာ အသက် ၂၁ နှစ်ပြည့်သည့်နှစ်တွင် မိမိစစ်မှုထမ်း ဆောင်ရန်  မှတ်ပုံတင်ထားသည့် မြို့နယ်များမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ စစ်သင်တန်းတက်ရောက် ကြရန် စာရွက်စာတမ်းများ တောင်းယူရသည်။ စင်ကာပူနိုင်ငံတွင်လည်း အမျိုးသားစစ်မှုထမ်းဥပဒေကို ၁၉၆၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့သည်။ အသက် ၁၈  နှစ်ပြည့်ပြီးသူတိုင်း ၂ နှစ် စစ်မှုထမ်း တာဝန် ထမ်းဆောင်ကြရသည်။

မြန်မာနိုင်ငံအနေဖြင့် ကျင့်သုံးနေသည့်စစ်မဟာဗျူဟာသည် ပြည်သူ့စစ်မဟာဗျူဟာဖြစ်သည်။

မြန်မာနိုင်ငံနှင့် အသင့်တော်ဆုံးစစ်မဟာဗျူဟာကို ၁၉၆၄ ခုနှစ် တပ်မတော်တပ်မှူးများ ညီလာခံမှစတင် ဆွေးနွေးခဲ့ပြီး၁၉၆၇ ခုနှစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို လက်ခံရေးဆွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံး၍  ပြည်ပကျူးကျော်မှုဖြစ်သည့် တရုတ်ဖြူကူမင်တန်ကျူးကျော်မှု၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမဒေသများတွင် သောင်းကျန်းသူများကို တိုက်ထုတ်အောင်မြင်ခဲ့သည်။ အနှစ်ချုပ် ဆိုရသော် မိမိနိုင်ငံကို မိမိတို့ကာကွယ်ခွင့်ရရှိခြင်းမှာ ဂုဏ်ယူဖွယ်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။