ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ဒေါ်ဒေါ်၊ ဆရာကြီး၊ ဆရာကြီး၊ သူ သူတို့ခင်မှီကို သတ်ပစ်လိုက်ကြပြီ။ ကျွန်တော့်သမီးလေးကိုလည်း သတ်ပစ်လိုက်ကြပြီ။ အပြစ်မရှိတဲ့ ကျွန်တော့်သမီး လေးကိုသတ်တဲ့လူတွေ၊ ကျွန်တော့်မိန်းမကို သတ်တဲ့ လူတွေ ကျွန်တော်မကျေဘူး။ ကျွန်တော်မကျေဘူး။ ကျွန်တော် ပြန်သတ်မယ်။ ကျွန်တော် ပြန်သတ်မယ်။ ဒင်းတို့  မသေ  သေအောင်  ကျွန်တော်လိုက်သတ်မယ်

ငိုပြီး   အိမ်ပေါ်ပြေးတက်လာကာ  အော်ဟစ်တိုင်တည်နေသော ကိုထွန်းငြိမ်းကို ကျောင်းဆရာကြီး ဦးကျော်ရွှေနှင့် ဒေါ်ခင်ခင်မြိုင်တို့မှာ အမျိုးမျိုးနားချ ၍ ဖျောင်းဖျပြောကြားကြသည်။

ကိုထွန်းငြိမ်းပြောပြ၍ အကြောင်းစုံသိရသောအခါ ဒေါ်ခင်ခင်မြိုင်မှာလည်း မျက်ရည်ပိုးပိုးပေါက်ပေါက် ကျရသည်။

နိုင်ငံရေးဆိုသည်ကို ဝါသနာလည်းမပါ၊ သိလည်းမသိ၊ နားလည်းမလည်၊ လုပ်လည်းမလုပ်ခဲ့ပါဘဲနှင့် နိုင်ငံရေး၏သားကောင်ဖြစ်ရသော သူ့တပည့်ကြီး၏ အဖြစ်ကို မြင်ရသောအခါ ဆရာကြီးဦးကျော်ရွှေမှာ ရင်ထဲဆို့နေမိသည်။

ပြည်တွင်းစစ်၏အနိဋ္ဌာရုံထဲတွင်  အပြစ်မဲ့သော ပြည်သူလူထု၏အဖြစ်ကို မြင်ရ၊ ကြားရတိုင်း ပြည်တွင်း စစ်ကို နာကြည်းနေမိသည်။

ယခု ကိုယ်တွေ့မျက်မြင်လို ခံစားနေရသော သူ့ တပည့်၏အဖြစ်မှာမူ ကမ္ဘာကြေ၍ ဥဒါန်းမကျေစရာပင်။

စစ်ကိုလိုလားသူ၊ စစ်ရူး၊ အာဏာရူးနေသူတို့၏ အလှည့်သည် မည်သည့်အခါ၊ မည်သည့်ခေတ်တွင်မှ အပြစ်ရကြမည်မသိ။   လောလောဆယ်အနေမှာမူ အပြစ်မဲ့သောပြည်သူတို့မှာ မြေစာပင်ဖြစ်နေကြရလေ ပြီ။

လူတစ်စု၏စစ်ရူး၊ အာဏာရူးမှုသည် ဘယ်တော့ ပြီးဆုံးကြမည်မသိတော့။ ပြည်သူအချင်းချင်း၊ နိုင်ငံ သားအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်းတို့၏ သွေးချောင်းစီးသတ်ပွဲဖြတ်ပွဲများသည် ဘယ်တော့ပြီးဆုံး ကြမည်မသိတော့။

ကျောင်းကပြန်ရောက်လာသော တင်တင်မြိုင်မှာ လည်း ကိုထွန်းငြိမ်း၏အဖြစ်ကို ကြားရသောအခါ အကြိမ်ကြိမ်ကျိတ်၍ ငိုမိသည်။

ကိုထွန်းငြိမ်း၏အနေမှာတော့ ဆိုဖွယ်ပြောဖွယ်ရာ မရှိတော့။

]]ကျွန်တော် မနေတော့ဘူး။ ကျွန်တော့်မိန်းမ၊ ကျွန် တော့်သမီးလေးကိုသတ်တဲ့ ဒီကောင်တွေကို မသတ်ရ မချင်း ကျွန်တော်မကျေဘူး။ ကျွန်တော် စစ်ထဲဝင်မယ်၊ ကျွန်တော်စစ်ထဲဝင်တော့မယ် ဆရာကြီး

စစ်ထဲဝင်ရန် နေ့ချင်းညချင်း အထုပ်အပိုးပြင်နေသော ကိုထွန်းငြိမ်းကို ဆရာကြီးတို့ တစ်အိမ်သားလုံးက   အမျိုးမျိုးဖျောင်းဖျနားချကြသည်။   သို့သော် ကိုထွန်းငြိမ်းကိုကား ယခုအခါ ဘယ်လိုမှ ပြော၍ဆို၍ မရကြတော့။

နောက်တစ်နေ့ ကိုထွန်းငြိမ်းစစ်ထဲဝင်ရန် ထွက် သွားသောအခါ ဆရာကြီးတို့မိသားစုမှာ မျက်ရည်အဝဲ သားနှင့် ကျန်ရစ်ခဲ့ကြလေသည်။

 

ပိတောက်တွေ ရွှေရည်လူးကြမယ့်အခြေ၊ ပုလဲငုံ စံပယ်ဖြူ ဖူးခိုက်ခိုက်ဝေ၊ ပန်းမျိုးစုံ ရာသီဦး...ကူးခဲ့ ပြီလေ

ရခိုင်ဘက်မှ ခရီးကြမ်းနှင်လာခဲ့ရသော ကိုရဲမြင့် တို့၏ခြေလှမ်းသွက်သွက်များမှာ စခန်းနားအရောက်တွင် သီချင်းသံကြောင့် ခြေလှမ်းတုံ့သွားကြသည်။

ဤသီချင်းမှာ နှစ်မည်မျှကြာကြာ၊ မည်သူကဆိုဆို နားထောင်၍ကောင်းသောသီချင်းပါတည်း။

သို့သော် ဤသီချင်းကြောင့် ဤနေ့ည၌ ကိုရဲမြင့်၏ စိတ်က အကြီးအကျယ်ချောက်ချားသွားလေသည်။

ယခင်က  တို့ပြည်ကို  တို့သိမ်းပိုက်တော့မည်၊  အာဇာနည်ပီပီ၊ ရန်သူကို ဘာမထီ ငါတို့တိုက်ခိုက်မည် ဟူသောသီချင်းကို အော်ကြီးဟစ်ကျယ်သီဆိုခဲ့ကြသော ရဲဘော်များ၏နှလုံးသားထဲတွင် ယခုအခါ ဤသီချင်းသည် အစားဝင်နေလေပြီ။

ရဲဘော်များသည် စိတ်ဓာတ်ကျဆင်းနေကြလေပြီ။ အမှန်ကတော့ ရဲဘော်များသာမဟုတ်၊ သူသည်လည်း စိတ်ဓာတ်ကျလေပြီ။

ခြောက်နှစ်၊ ခုနစ်နှစ်ကာလပတ်လုံး လွတ်မြောက် နယ်မြေအဖြစ် တည်တံ့ခိုင်မြဲနေခဲ့သော အမ်းမြို့တော် သည် ယခုအခါ အစိုးရ၏အောင်မာဃစစ်ဆင်ရေးကြောင့် ယိုင်လဲပြိုကွဲတော့မည့်အခြေအနေသို့ ဆိုက် ရောက်နေလေပြီ။

ဒီအထဲ အစိုးရက ကာကွယ်ရေးတပ်တွေကို နေ့ချင်းညချင်းဖွဲ့စည်းကာ သူပုန်အားလုံး အပြုတ်တိုက်ရေးကို စီစဉ်လာသည်။ ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် ကျွန်းစဉ်တစ်လျှောက်ကို ရဲဘော်ဖြူများ လက်လွှတ်ဆုတ်ပေးခဲ့ကြရသည်။

ထို့ကြောင့်လည်း ဗဟိုတွင် နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များ   ခေါင်းချင်းဆိုင်တိုင်ပင်နေကြရသည်။ တောတွင်းရှိ အလံနီ၊ အလံဖြူပါတီများနှင့် စေ့စပ် ဆွေးနွေးကာ သုံးပါတီပူးပေါင်းတိုက်ခိုက်ရေးကို မဖြစ် မနေစေ့စပ် ဆွေးနွေးခဲ့ကြရသည်။ 

 ဆက်လက်ဖော်ပြပါမည်။