MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာရောင်းချပွဲ

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍  MSME  စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေး မြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဟူ၍ပါရှိသည်။ အဆိုပါ ဦးတည်ချက် နှစ်ရပ်သည် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက် ရေး” ဟူသော ဦးတည်ချက်နှင့်ဆက်စပ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမောင်းနှင်အား ကောင်းမွန်ရေးအတွက် စီးပွားရေးဦးတည်ချက်များကို ချမှတ် အကောင်အထည်ဖော်လျက်ရှိရာ အောင်မြင်မှုများရရှိနေပြီဖြစ်သည်။ အဆိုပါအောင်မြင်မှုကို (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်း ပြသရောင်းချပွဲကို ကြည့်ရှုလေ့လာခြင်းဖြင့် သိရှိနိုင်သည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များနှင့် ရိုးရာအစားအစာများကို နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပြသရောင်းချခဲ့သည်။

MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာများ မျှဝေပေးခြင်း၊ ပြည်တွင်း/ပြည်ပဈေးကွက်များသို့ မိမိတို့လုပ်ကိုင်နေသည့် လုပ်ငန်းများအလိုက် လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်မှုစွမ်းရည်မြင့်မား တိုးတက်စေရန် လုပ်ငန်းများအလိုက် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နည်းများကို အသိပညာပေး ဆွေးနွေးမျှဝေပေးကြသည်။ လုပ်ငန်းရှင်များအပြင် အသိပညာဗဟုသုတရရှိလိုသည့် ပြည်သူများဖြင့်  အထူးစည်ကားလှသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှပြခန်းများတွင် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်း လုပ်ကိုင်နေသူများအတွက် အနာဂတ်နည်းပညာကဏ္ဍတိုးတက်ဖို့ နည်းပညာမြင့်မားသည့် စက်ယန္တရား အမျိုးအစား ၁၄ မျိုးနှင့် စွမ်းဆောင်ရည်များကို ၇၅ လက်မ တီဗွီများဖြင့် ပြသထားသည်။ လာရောက် ကြည့်ရှုကြသည့် လုပ်ငန်းရှင်များနှင့် ပြည်သူများအတွက် အသိပညာဗဟုသုတများ ရရှိစေခဲ့သည်။

နိုင်ငံစီးပွားမြင့်မားရေးတွင် သတင်းအချက်အလက်နှင့် နည်းပညာရရှိရေးသည်လည်း အဓိကကဏ္ဍတွင် ပါဝင်ပေရာ MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာခင်းကျင်းပြသရောင်းချပွဲတွင် နိုင်ငံတကာကုမ္ပဏီ ၄၂ ခုက ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းအမျိုးပေါင်း ၂၁၆ ခုခင်းကျင်းပြသထားသည်ကိုလည်း လေ့လာ ကြရသည်။ MSME ကုန်ထုတ်လုပ်ငန်းများအနေဖြင့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး အတွက် ကုန်ကြမ်းများ အချိန်မီရရှိရန် လိုအပ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာရှိပြီး အမှန်တကယ် အလုပ်လုပ်ကိုင်သော လုပ်ငန်းများရွေးချယ်၍ ချေးငွေများ ထုတ်ချေး ပေးပါက ထုတ်ကုန်များပိုမိုထွက်ရှိပြီး ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်မည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒေသအတွင်းထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး၊ ပြည်တွင်း လုံလောက်မှုမှ ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်လျက်  တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ဒေသတစ်ခုထွက်ကုန်တစ်ခု (One Region One Product-OROP) အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ထားပြီးဖြစ်ရာ သက်ဆိုင်ရာဒေသ အလိုက် OROP ထုတ်ကုန်အမယ်များ ရွေးချယ်၍ဆောင်ရွက်ကြရမည်ဖြစ်သည်။

(၇၇)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲတွင်  နေပြည်တော် ကောင်စီ အပါအဝင်  တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်အရောင်းပြခန်းပေါင်း ၃၄ ခန်းပါဝင် ပြသထားပြီး ရိုးရာအစားအစာပြခန်း ၁၉ ခန်းတွင်လည်း တိုင်းရင်းသားတို့၏ ရိုးရာအစားအစာများကို စုံလင်စွာမြင်တွေ့ရသည်။ ထို့ပြင် ဝန်ကြီးဌာနများမှ ထုတ်ကုန်ပစ္စည်းများ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) မှထုတ်ကုန်များ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်မှ ဖွင့်လှစ်ရောင်းချနေသည့် ကုန်ပစ္စည်းများနှင့် ဒေသထွက် ကုန်ပစ္စည်းများကို ပြသရောင်းချ လျက်ရှိသည်။

ပြည်သူများအဖို့ တစ်နေရာတည်း၊ တစုတစည်းတည်း ခင်းကျင်းပြသရောင်းချခြင်း၊ ဈေးနှုန်းချိုသာခြင်း တို့အပြင် စိတ်ကြိုက်ဝယ်ယူနိုင်၊ စားသုံးနိုင်ခြင်းတို့ကြောင့် ဤပြပွဲကို အထူးနှစ်သက်သဘောကျ လျက်ရှိသည်။

ညပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အနုပညာဦးစီးဌာန၊ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့မှ

အနုပညာရှင်များက မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေမည့်တေးသီချင်းများဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ  တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာတေးသီချင်းများ၊ အကအလှများဖြင့်လည်းကောင်း  မြူးကြွပျော်ရွှင်စွာဖျော်ဖြေကြသည်။ အနှစ်ချုပ်ဆိုရသော် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲမှာ  အထူးအောင်မြင်သောပြပွဲဖြစ်ပြီး ပြည်ထောင်စု၏ အနှစ်သာရပြည့်စုံခဲ့သည့် ပွဲတော်ကြီးဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။