တိုင်းပြည်ချစ်စိတ်ဖြင့် အကောင်းဆုံးဆောင်ရွက်

 

တိုင်းပြည်ချစ်စိတ်ဖြင့် အကောင်းဆုံးဆောင်ရွက်

 

အယ်ဒီတာ့အာဘော်               

  (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီ တာဝန်ခံများအား ဖေဖော်ဝါရီလ ၁၄ ရက်နံနက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် “ပကတိ အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိစေရေးအတွက် သက်ဆိုင်ရာ နိုင်ငံများအလိုက် ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံ့အကျိုးအတွက် ပြောသင့်ပြောထိုက်သည်များ၊ လုပ်သင့်လုပ်ထိုက်သည်များကို မိမိတို့တွေ့ကြုံနေရသည့် အခြေအနေများ၊ သံတမန်အတွေ့အကြုံများအရ ချိန်ထိုးချင့်ချိန်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တာဝန် ထမ်းဆောင်လျက်ရှိသည့်  နိုင်ငံများအလိုက် မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို သိရှိစေရေး ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

“နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကိုကျင့်သုံးသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်နိုင်ငံ အချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်။” ဤသည်မှာ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒဖြစ်သည်။ သံတမန်ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို တာဝန်ကျရာ ကမ္ဘာ့နယ်ပယ်အသီးသီးရှိ နိုင်ငံများ၌ ထမ်းဆောင်လျက် ရှိကြသူများဖြစ်၍ နိုင်ငံ့အတွက် အရေးပါလှသူများ ဖြစ်သည်။ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်နိုင်ရန် ပြည်ပတွင် တာဝန်ထမ်းဆောင်နေသော သံတမန်များအပြင် နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ ဝန်ထမ်းများတွင်ပါ   တာဝန်ရှိပေသည်။   မူဝါဒကို အကောင်အထည်ဖော်ရာတွင် မိမိအကြောင်း၊ ပြိုင်ဘက်အကြောင်းကို ပြည့်စုံစွာ သိရှိရန် လိုအပ်ပါသည်။

နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော အခြေအနေများကို မျက်ခြည်မပြတ်စေဘဲ  မိမိတို့၏ မူဝါဒအောင်မြင်အောင် ဆောင်ရွက်သွားရန် အရေးကြီးလှသည်။ သံတမန်၏ သဘောသဘာဝမှာ ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်ဆောင်ရန်ဖြစ်သည်။

သံတမန်ဝန်ထမ်းများ၏ သဘောတရားမှာ အရေးကြီးသည့် တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ပြီး နယ်ပယ်ပေါင်းစုံ၌ ဆက်ဆံမှု တိုးမြှင့်နိုင်ရေးပင်ဖြစ်သည်။ မိမိတို့လုပ်ဆောင်နိုင်သည့် နယ်ပယ်များအလိုက် လုပ်ဆောင်နိုင်မှုများကို ထိရောက်စွာ အသုံးချ၍ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ယဉ်ကျေးမှုဖလှယ်ရေး ဆိုင်ရာအရ ဆက်ဆံရေး တိုးမြှင့်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုကဲ့သို့ဆက်ဆံရေး တိုးမြှင့်လာပြီး ပုဂ္ဂိုလ်ရေးအရ၊ လုပ်ငန်းသဘောအရ ရင်းနှီးမှုများသည် လုပ်ငန်းတာဝန်များကို အောင်မြင်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေပါသည်။ သံတမန်ဝန်ထမ်းများမှာ နိုင်ငံတော်က ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ် ထားသူများဖြစ်၍ နိုင်ငံတော်နှင့်လူမျိုးအပေါ် သစ္စာရှိကြရပေမည်။

နိုင်ငံတော်အနေဖြင့်လည်း ရေခြားမြေခြားတွင် နိုင်ငံ့တာဝန်များကို သွားရောက်တာဝန် ထမ်းဆောင်နေသည့် သံတမန်ဝန်ထမ်းများ၏ ရသင့်ရထိုက်သည့် ရပိုင်ခွင့်များ၊ အကျိုးခံစားခွင့်များ ရရှိစေရေးအတွက်လည်း တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါသည်။ သံတမန်ဝန်ထမ်းများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံအပါအဝင် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့် အချို့နိုင်ငံကြီးများ၏ မမျှမတဖိအားပေး ဆက်ဆံမှုများ၊ နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးပိတ်ဆို့မှုများကို ကြုံတွေ့နေရမှုများ ရှိသဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက် မိမိနိုင်ငံ၏အခြေ အနေမှန်များကို နိုင်ငံတကာမှသိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏တည်ရှိပုံ ပထဝီအနေအထားအရ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိရာ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရန်အတွက် ပြည်ပတွင်တာဝန် ထမ်းဆောင်နေကြသည့် သံတမန်ဝန်ထမ်းများတွင် တာဝန်ရှိပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို  မျက်ခြည်မပြတ်စေဘဲ  မိမိတို့၏ မူဝါဒကို အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၊ အဖွဲ့အစည်းများတွင် ပါဝင်နေသည့်နိုင်ငံဖြစ်သည်။ သံတမန်ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်ရာ အစိုးရအတွက် အလုပ်လုပ်ခြင်းမဟုတ်ဘဲ နိုင်ငံ့အတွက် အလုပ်လုပ်နေခြင်းဖြစ်သည်ကို နားလည် သဘောပေါက်ကြရမည်ဖြစ်သည်။

ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေစဉ် အတွင်း   မိမိနိုင်ငံ၏ပညာရေး ကဏ္ဍမြင့်မားရေး အတွက် တာဝန်ထမ်းဆောင်ရာ နိုင်ငံများအလိုက် အခြေအနေများကို လေ့လာကာ နိုင်ငံတော်အစိုးရသို့ တင်ပြကြရမည်ဖြစ်သည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများသည် မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသားများပင် ဖြစ်သည့်အတွက် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို တတ်နိုင်သရွေ့ ဖြေရှင်းပေးကြရမည်ဖြစ်သည်။

ထို့အတူမိမိတို့နိုင်ငံမှ ပညာတော်သင်များနှင့် ပတ်သက်၍လည်း သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ အနေဖြင့် လိုအပ်သည်များ စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။ နိုင်ငံတကာနှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ အဆင်ပြေကောင်းမွန်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်ချစ်စိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။  ။