တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှု

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်)

တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှု

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏အစသည် “ရန်ကုန်ရေဒီယို (Rangoon Radio)” ကဟု ခေါ်တွင်ခဲ့ရာမှ အမည်စတင်ပြင်ဆင်ခဲ့သည့် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်ကို မူတည်သတ်မှတ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား များကို နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရှိရသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံတွင် သက်တမ်းမြင့်မားပြီး အစဉ်အလာနှင့် သမိုင်းကောင်းသည့် နိုင်ငံတော်၏ မီဒီယာဌာနကြီးတစ်ခု ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားစဉ် “နိုင်ငံတော်၏ သမိုင်းကြောင်းနှင့်အတူ ခေတ်အဆက်ဆက်နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်ကျေပွန်ခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြောင်းလဲတိုးတက်နေသည့် နည်းပညာများနှင့်အညီ လိုက်ပါအသုံးပြုပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အမြင်သစ်၊ အသွင်သဏ္ဌာန်အသစ်များ ဖန်တီးထုတ်လုပ်မှုများနှင့် ပိုမိုဆန်းသစ် တင်ဆက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တစ်ဆက်တည်းတွင် မြန်မာနိုင်ငံ၌ အနုပညာရှင်၊ အတတ်ပညာရှင်များစွာ မွေးထုတ်ပေးရာ၊ ပန်းပေါင်းစုံ ဖူးပွင့်လန်းဆန်းရာ ပန်းဥယျာဉ်ကြီးသဖွယ်ဖြစ် အောင်၊ ပြည်သူတွေ အားကိုးအားထားပြုရသည့် တိုင်းကျိုးပြည်ပြုဝန်ဆောင်မှု ပြုနေသည့် မြန်မာနိုင်ငံ၏ စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်” ထည့်သွင်းပြောကြား ခဲ့ပါသည်။

နိုင်ငံတော်နှင့်ပြည်သူအတွက် ခေတ်အဆက်ဆက်တွင် တာဝန်ကျေပွန်ခဲ့သကဲ့သို့ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့် လိုက်လျောညီထွေအောင်  ပြုပြင် ပြောင်းလဲလိုက်ပါ ဆောင်ရွက်နိုင်သည့် ဌာနကြီးတစ်ခုဖြစ်ခြင်းကြောင့် (၇၈)နှစ်ပြည့်မြောက်သည့် သမိုင်းမော်ကွန်းမှတ်တိုင်တစ်ခုကို မားမားမတ်မတ်ဖြင့် ဝင့်ဝင့်ကြွားကြွား စိုက်ထူနိုင်ခြင်းပင်ဖြစ်သည်။ (၇၈)နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် အာဆီယံနိုင်ငံများ၌ "Analogue Switch Off-ASO" ဟုခေါ် သည့် Analogue စနစ်နှင့် ရုပ်သံထုတ်လွှင့်မှုရပ်ဆိုင်းရန်  သဘောတူညီကြသည့်  အစီအစဉ်ထဲမှ Pilot Project တစ်ခုဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့ကြီး ၃ မြို့အတွက် ထုတ်လွှင့်နေသည့် ထပ်ဆင့်လွှင့်စက်ရုံ ၃ ရုံမှ Analogue စနစ်ထုတ်လွှင့်မှုကို စတင်ရပ်ဆိုင်းနိုင်ရန် ကြေညာပြီး အဆိုပါ မြို့ကြီး ၃ မြို့တွင် ဒစ်ဂျစ်တယ်စနစ်တစ်ခုဖြစ်သည့် Digital Video Broadcasting-Second Generation Terrestrial(DVB-T2) စနစ်ဖြင့်ထုတ်လွှင့်နေသည့် ရုပ်သံ ၁၈ လိုင်းထဲတွင် High Definition(HD) Quality နှင့် ရုပ်သံလိုင်း ၂ လိုင်းသာထုတ်လွှင့်နိုင်ရာမှ ယခုအခါ ၁၁ လိုင်းအထိ အဆင့်မြှင့်တင်ပြီး တိုးချဲ့ထုတ်လွှင့်နိုင်ရန်၊ နောက်ဒစ်ဂျစ်တယ်စနစ်တစ်ခုဖြစ်သည့်  Direct To Home(DTH) စနစ်ဖြင့် ရုပ်သံလိုင်း ၇ လိုင်းသာထုတ်လွှင့်နေရာမှ ယခုအခါရုပ်သံလိုင်း ၁၉ လိုင်းအထိ တိုးချဲ့ ထုတ်လွှင့်နိုင်ရန် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယခုအခါ MRTV သည်ပြန်ကြားရေးဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုဖြစ်သော နုပျိုသစ် လွင်ပြီး သွက်လက်ထက်မြက်သည့်၊ ဆန်းသည့်ခေတ်မီသည့် နိုင်ငံတော်မီဒီယာပုံစံအသစ်နှင့် အညီ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။ မူလရည်မှန်းချက်(၃)ရပ်ဖြစ်သည့် သတင်း အချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်နှင့် ဖျော်ဖြေပေးရန်တာဝန်များကို  ရုပ်မြင်သံကြားမှ နည်းလမ်းပေါင်းစုံဖြင့် ထုတ်လွှင့်ဆောင်ရွက်ပေးနိုင်သည့်အပြင် နိုင်ငံတော်၏နေ့ကြီး၊ ရက်ကြီး၊ အခါကြီးနှင့် အခမ်းအနားကြီးများတွင် ကဏ္ဍစုံမှတက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ကြသည်ကို လည်း ပြည်သူများ တွေ့မြင်နေကြပြီး ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို  စွန့်စွန့်စားစား ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက်  ရှေ့တန်းစစ်မြေပြင်၊  တပ်စခန်းနေရာများအထိ သွားရောက်ဖျော်ဖြေပြီး စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်နေကြသည့် နိုင်ငံ့ ဝန်ထမ်းများ အပန်းပြေစေရန် ဖျော်ဖြေတင်ဆက်ပေးခြင်း၊ အနာဂတ်နိုင်ငံတော်တွင် အားကိုးအားထား ပြုရမည့်လူရည်ချွန်များ ပျော်ရွှင်လန်းဆန်းတက်စေကြွရန် အပန်းဖြေစခန်းများတွင် သွားရောက် ဖျော်ဖြေပေးခြင်းစသည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့် ဆောင်ရွက်ပေး နေသည်ကို တွေ့မြင်နေရပါသည်။

တိုင်းရင်းသားများနှင့်ပတ်သက်၍လည်း MRTV အနေဖြင့် တိုင်းရင်းသားဘာသာစကား ၁၈ မျိုး အပါအဝင် စုစုပေါင်းဘာသာစကား ၂၀ မျိုးနှင့် ထုတ်လွှင့်နိုင်သည်မှာလည်း နိုင်ငံတကာအလယ်တွင် ထူးခြား ထင်ရှားလှသည်။ ရုပ်သံလွှင့်မီဒီယာအဖွဲ့အစည်းကြီးအဖြစ် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးကို အလေးထားဝန်ဆောင်မှုပေးနေခြင်းဖြစ်သဖြင့် ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။ ယခုအခါ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် (၇၈)နှစ်တိုင်ခဲ့ပြီး ခေတ်အဆက်ဆက်တွင် တိုးတက်ပြောင်းလဲမှု များနှင့် တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှုပြုနေသည့် စတုတ္ထမဏ္ဍိုင်ကြီးဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။    ။