နိုင်ငံ့စီးပွားပိုမိုတိုးတက်ရေးအလေးထား

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်)

နိုင်ငံ့စီးပွားပိုမိုတိုးတက်ရေးအလေးထား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့်အသား၊ နို့ထွက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးရေးညှိနှိုင်းဆွေးနွေးပွဲတွင် အမှာစကား ပြောကြားစဉ် “စတင်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းသည့်အချိန်အထိ အဆင့်ဆင့် ထွက်ရှိလာသည်များသည် နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းနှင့် ထုတ်လုပ်မှုများအတွက် တန်ဖိုးများမြင့်တက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသည်မှ သည် ကုန်ချောထွက်ရှိသည်အထိ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့်ကုန်ထုတ်လုပ်စားသုံးမှုကွင်းဆက် (Supply Chain) တစ်ခုလုံး၌ အလုပ်အကိုင်ရရှိမှု၊ ကုန်ထုတ်လုပ်မှုများ များစွာဆက်စပ် တိုးတက်လာ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုများအတွက် အလေးထားဆောင်ရွက်ကြရန် လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေး၊ စီးပွားရေးတိုးတက်စေရေးအတွက် အဓိကကျ သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ခြင်းဖြင့် မိမိတို့တစ်ဦးချင်း ဝင်ငွေတိုးလာမည် ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားရေးလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာပေမည်။ ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်း သီးနှံများဖြစ်သည့် ဝါ၊ ကြံ၊ ကော်ဖီနှင့် ဆက်စပ်သီးနှံများကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ကြရမည် ဖြစ်သည်။  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။

ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့အနက် မြေပဲသည် တစ်ဧကအထွက်နှုန်းကောင်း မွန်လျက်ရှိသည်။ နေကြာသည် မြေပဲနှင့်နှမ်းတို့ထက် ဆီအထွက်နှုန်းပိုမိုကောင်းမွန်သည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံ၌ ဆီထွက်သီးနှံသုံးမျိုးလုံး အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည့်အတွက် ပိုမိုအောင်မြင်အောင် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို အဖြေရှာကြရမည်ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော မျိုးကောင်း မျိုးသန့်ရရှိအောင် ဆောင်ရွက်ရန်၊ မြေကိုစနစ် တကျပြုပြင်ဆောင်ရွက်ရန်၊ အောင်ရေရရှိရန်၊ စိုက် နည်းစနစ်များ မှန်ကန်ရန်အဓိကကျလှသည်။

လက်ရှိဆီထွက် သီးနှံစိုက်ဧကများသည် လုံလောက်သည့် အနေအထားတွင်ရှိပြီး ပန်းတိုင်အထွက် နှုန်းရရှိစေရေး ဆောင်ရွက်ရမည်သာ ဖြစ်သည်။ သီးထပ်စွမ်းအားစုများ ကောင်းမွန်စေရေးအတွက် မတူညီ သည့်ရာသီဥတုတွင် လိုအပ်သည့်သွင်းအားစုများ ရရှိအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ စိုက်ပျိုး ရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးကို အဓိက ထားဆောင်ရွက်ကြရမည်ဖြစ်သည်။ သီးနှံများအနက် စပါးစိုက်ပျိုး၍ ရသည့် မြေနေရာသည် အခြားသီးနှံ များလည်း အောင်မြင်စွာဖြစ်ထွန်းသည်ကို တွေ့မြင်ရသည်။ ထို့ကြောင့် စပါးစိုက်ပျိုးသည့် မြေနေရာများ၌ ရာသီဥတုအရ၊ မြေအခြေအနေအရ သင့်လျော်ကိုက်ညီသည့် သီးထပ်သီးနှံများကိုလည်း စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းများ တိုးတက်လာနိုင်မည်ဖြစ်ပါသည်။

စက်မှုကုန်ကြမ်းသီးနှံနှင့် ပတ်သက်၍ ဝါစိုက်ပျိုးရေးဆောင်ရွက်ရာတွင် ပန်းတိုင်အထွက်နှုန်းများ အတိုင်းထွက်ရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဝါစိုက်ပျိုးမှုကို ဧကငါးသိန်းစိုက်ပျိုးပြီး သတ်မှတ် ပန်းတိုင်ရည်မှန်းချက်များအတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းချည်သုံးစွဲမှုကို ဖူလုံ စေမည် ဖြစ်သည့်အပြင် နိုင်ငံ့ဝင်ငွေရရှိရေးကို ကြီးမားစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ ပြည်တွင်းမှ ထွက်ရှိသည့် ချည်များကို အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုနိုင်ခြင်းကြောင့် ချည်ထည် လုပ်ငန်းများဖြင့် CMP လုပ်ငန်းနှင့် MSME လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်သည်။ ချည်ထည်များကို တန်ဖိုးမြှင့် ချည်ထည်များအထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်မည် ဖြစ်သည်။

ကြံစိုက်ပျိုးမှုနှင့်ပတ်သက်၍ လက်ရှိပျမ်းမျှအထွက်နှုန်းမှာ ၂၆ တန်ခန့်ရှိကြောင်း သိရသည်။ ကြံစိုက် ပျိုးမှုများကို စိုက်ဧကတိုးချဲ့ရန်မလိုဘဲ အထွက်နှုန်းပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ အဆင့်မီစိုက်ပျိုးနိုင်ရေး၊ ကြံအထွက်နှုန်းများ တိုးတက်စေရေးနှင့် သကြားထုတ်လုပ်မှုတိုးတက်စေရေး တို့အတွက်လည်း ပြည်ပနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ကြံစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက် လာမည်ဆိုပါက ပြည်တွင်းသကြားလုံလောက်ရုံသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်မည် ဖြစ်သည်။ ကော်ဖီသီးနှံနှင့်ပတ်သက်၍ ကော်ဖီထွက်ကုန်များသည် ကမ္ဘာပေါ်တွင် အမြဲလိုအပ်မှုရှိသည့် ကုန်ပစ္စည်း များဖြစ်သည်။ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးနိုင်သည့် မြေနေရာများစွာရှိသဖြင့် ကော်ဖီ စိုက်ပျိုးရေး စီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်မည်ဆိုပါက ကော်ဖီပို့ကုန်များကို များစွာ မြှင့်တင်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်   နို့နှင့်နို့ထွက်ပစ္စည်းများကို   ပြည်ပမှ နှစ်စဉ်တင်သွင်း နေရသည့်အတွက် နွားမွေးမြူရေး လုပ်ငန်းများကို သမဝါယမအသင်းများဖွဲ့စည်း၍ အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်သည်။ ပြည်ပမှနှစ်စဉ် တင်သွင်းနေရသည့် စားသုံးဆီများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ချည်ထည် ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက်လိုအပ်သည့် နိုင်ငံခြားငွေများပါ ရရှိနိုင်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ခြင်း ဖြင့်နိုင်ငံ့ စီးပွားတိုးတက်လာမည် ဖြစ်ပါကြောင်း။    ။