မိမိပြည်နယ်ဒေသလှပဖွံ့ဖြိုးရေး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်)

မိမိပြည်နယ်ဒေသလှပဖွံ့ဖြိုးရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ  (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ တွင် “တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက်ဖြစ်ပါသည်။ ယခုကဲ့သို့ အဖျက်အမှောင့် နှောင့်ယှက်ဖျက်ဆီးမှုများဖြင့် ပညာရေးကိုဟန့်တားပြီး နိမ့်ကျအောင် လုပ်ဆောင်နေသည်များကို အားလုံးက ဝိုင်းဝန်းဆန့်ကျင် တားဆီးကြရမည်ဖြစ်ပါသည်။ အနာဂတ် လူငယ်များ ပညာရည်မြင့်မားရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများ ထိန်းသိမ်းနိုင်ရေးနှင့်    တိုးတက် ပြောင်းလဲနေသည့် ခေတ်နှင့်အညီရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန် နိုင်ငံတော်က ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသလို တိုင်းရင်းသား ပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြား လိုပါသည်” ဟူ၍ဖော်ပြပါရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည်။ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အခြေခံကျောင်းများကို တိုးချဲ့ဖွင့်လှစ် ပေးခြင်းနှင့် အဆင့် တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများ ပြုပြင်ပေးခြင်းနှင့် အသစ် ဆောက်လုပ်ပေးခြင်း၊ စက်မှုသက်မွေးပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ဘာသာရပ်သင်ဆရာ၊ ဆရာမများပိုမိုခန့်ထား ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် တိုင်းရင်းသားဒေသများတွင် သင်ကြားရေးလက်ထောက်ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသား ဘာသာစကား သင်ကြားရေးဆရာ၊ ဆရာမများကိုလည်း ခန့်ထားပေးလျက်ရှိသည်။ KG+9 အထိ မသင်မနေရ ဘက်စုံပညာရေးစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ် အတွင်း အခြေခံပညာတတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများ မြင့်မားတိုးတက်လာရေးနှင့်  လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက ချင်းပြည်နယ် သည် ဘက်စုံကဏ္ဍမှဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။

ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန်လိုအပ်မှု ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ပြည်မနှင့် လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်သော အဝေးပြေးလမ်းများနှင့် ပြည်နယ်တွင်းလမ်းများကို တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးဖြင့် ဆက်သွယ် သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ဆိပ်ကမ်း တည်ဆောက်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ချင်းပြည်နယ်ရှိ ပြည်သူများ မျှော်လင့်တောင့်တနေသော မဟာ ဓာတ်အားလိုင်းမှ ချင်းပြည်နယ်အနှံ့လျှပ်စစ်မီးရရှိရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိသည်။ ချင်းပြည်နယ်ရှိ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် ဒေသထွက်ကုန်များနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စနစ်တကျထိရောက်အောင် အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတော် အစိုးရက  အပြည့်အဝကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ချင်းပြည်နယ် အတွင်းရှိ  အချို့မြို့နယ်များတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း  နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် တည်ဆောက်ပေးခဲ့သည်။ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေး နိုင်ခဲ့ခြင်းကြောင့် မုန်တိုင်းအင်အားကြီးမားသော်လည်း ထိခိုက်ဆုံးရှုံးမှုနည်းပါးခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီး ချိန်မှ(၂)လအတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့သည်။ နိုင်ငံတော်အစိုးရက ချင်းပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့်ဒေသများတွင် ကြိုတင် ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် (၁၀၀၂ ဒသမ ၀၂) သန်းထောက်ပံ့ပေးခဲ့ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ချင်းတိုင်းရင်းသားတို့လူ မှုစီးပွားဘ၀ မြင့်မားရေးတို့ကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ အရှိတရားများဖြစ်သည်။ ချင်းတိုင်း ရင်းသားများအနေဖြင့်လည်း မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်သည်။ အထူးသဖြင့် ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့် အယှက်ပြုနေသည့် လက်နက်ကိုင် သောင်းကျန်းသူ အကြမ်းဖက် အဖျက်သမားများကင်းစင်ရေးကို  ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ ချင်းပြည်နယ်သည် အစဉ်ထာဝရအေးချမ်းသာယာပြီး ချင်းတိုင်းရင်းသားတို့သည်လည်း ထာဝစဉ်ပျော်ရွှင် ချမ်းမြေ့နေမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။