အောင်ရဲ့ အောင်
ယမန်နေ့မှအဆက်
ထို့နောက် မမစံသည် မုန့်ဘူးနှင့် သရက် သီးပန်းကန်တွေကို ဖုံးအုပ်ကာ...
“မနေ့ညကလည်း ခုနစ်နာရီကျော်မှ အဆောင်ပြန်ဝင်တယ်”
“ခုနစ်နာရီ၊ မိုးချုပ်လှချည်လား”
“ဟုတ်တယ်၊ မနေ့ညကလည်း မမစံ စိတ်ပူပူနဲ့ သူ့ကိုစောင့်နေရတာ၊ အပြင် အဆောင်ဆိုတော့လည်း စည်းကမ်းသတ် မှတ်ချက်တွေဘာတွေ တင်းတင်းကျပ်ကျပ် မရှိတော့ သူ့သဘောပဲ၊ အို...နောက်ဆုံးတော့လည်း ကျောင်းအဆောင်တွေလည်း နေ့လယ်သွားချင်ရာ သွားလို့ရနေတာ ထူးတော့မထူးပါဘူး၊ တစ်ခုကတော့ ဒီမှာ ဂိတ်တံခါးကို ညနေခြောက်နာရီ ပိတ်မယ်ပြောတာ၊ ဘယ်အချိန်ဝင်ဝင် ရနေတယ် ကိုအောင်ရဲ့...”
“အဆောင်ပြန်ဝင်တော့ တစ်ယောက် တည်းပဲလား”
“တစ်ယောက်တည်းပေါ့”
“တောက်”
ကိုအောင်က တက်တစ်ချက်သာခေါက် လိုက်သည်။ မမစံက သက်ပြင်းတစ်ချက် ချရင်း...
“မမစံက ဘယ်သွားတာလဲ မေးကြည့်တော့ ကန်ပေါင်ရိုးမှာ လမ်းလျှောက် ကောင်းကောင်းနဲ့လျှောက်ပြီး ကမ်းစပ်မှာ တမေ့တမော ထိုင်တွေးနေရင်း ထပြန်ဖို့ မေ့သွားတာတဲ့...”
“ကောင်းပါတယ်”
“ချောစုမရှိတော့လည်း သူထင်တိုင်းပေါ့၊ မမစံက ရုံးသမားဆိုတော့ လုံးလုံးမအား ဘူး၊ ချောစုရှိရင် ချောစုက ထိန်းဖော်ရ တယ်၊ အနည်းဆုံး သူနဲ့အတူတူ အဖော် အဖြစ်လိုက်ဖြစ်မယ်၊ အတွေ့အကြုံမရှိ သေးတော့လည်း ဒီကလေးဟာ သူ့ဘေးသူ မမြင်ဘူး”
“နောက်တစ်ခေါက်တော့ မဖြစ်ဘူး၊ ကျွန်တော်တို့ သူ့ကို တင်းတင်းကျပ်ကျပ် ပြောမှ၊ ဒါမှမဟုတ်ရင် သူ့ကို စံပယ်ဆောင် ကို ပို့ပစ်ရလိမ့်မယ်”
မမစံက စိတ်ရှုပ်ရှုပ်နှင့် ရယ်မောနေသည်။ ထို့နောက် စာကြည့်စားပွဲကိုရှင်းရင်း စားပွဲပေါ်တွင် တိဗက်စနိုးဘူးနှင့်ဖိထား သော စာနှစ်စောင်ကို လှမ်းယူလိုက်သည်။ စာတစ်စောင်ကို ကိုအောင်အား ကမ်းပေး လိုက်ရင်း...
“ဒါက ကိုအောင်ဖို့”
ကိုအောင်သည် အခန်းရှေ့မှ ကွပ်ပျစ် ပေါ်တွင်ပြန်ထိုင်ပြီး စာကို ကပျာကယာ ဖွင့်ဖတ်လိုက်လေသည်။
ကိုအောင်
ညက ကိုလတ်ကို အိပ်မက်မက်တယ်။ ကိုလတ်ရဲ့နဂိုဖြူတဲ့အသားတွေဟာ ပိုဖြူပြီး ဖျော့နေတာပဲတဲ့။ သူ ခုနေနေရတဲ့ အခန်းကျဉ်းလေးကြားထဲက သံတိုင်ကြားကို မော့ကြည့်လိုက်တော့ ကြယ်တွေ၊ လ တွေ အကုန်မြင်နေရသတဲ့။ အိပ်မက်ထဲ မှာ အနုစိပ်ပဲ။ အပြင်လောကက ပိုးမွှား ပုရစ်တွေရဲ့အော်သံကို ကြားနေရတယ်။ အခန်းနံရံနဲ့ ကပ်လျက်နေရာမှာ ဆိပ် ဖလူးပန်းတွေဟာ ရာသီချိန်မဟုတ်ဘဲ ဖွေး ဖွေးလှုပ်ပွင့်နေသတဲ့။ သူက ကျွန်တော့်ကို ကြည့်နေပေမယ့် မြင်ပုံမရဘူးတဲ့။ ကျွန်တော့်ကို အောင်အောင်လေးလို့သာ မှန်းခေါ်နေတာပဲတဲ့။ သူ့မျက်လုံးတွေက ကွယ် နေတယ်ဆိုလား။ သဲသဲကွဲကွဲလည်း မသိရဘူး။ ကျွန်တော် စိတ်မကောင်းလိုက်တာ၊ အိပ်မက်ထဲငိုနေရတာ တစ်လျှောက်လုံးပဲ၊ မျက်ရည်တွေဟာ အိပ်ရာကနိုးတဲ့အထိပဲ ထွက်နေတာ။ အိပ်မက်ထဲမှာ ငိုတာနဲ့ အပြင်မှာငိုတာ ဒီလိုပဲ ရောနေတတ်လား၊ ဒီလိုအဖြစ်မျိုးကို အောင်ရောကြုံဖူးလား ပြောပါဦး။ ကိုလတ်ကိုတော့ ငိုတာမတွေ့ဖူးဘူး၊ သူ့အသည်းက သိပ်မာတာပဲ။
သူစိတ်ထိခိုက်ရင် မျက်လုံးတွေနီပြီး မျက်နှာပျက်နေတာပဲ။ ဒါလည်း တစ်ခါ၊နှစ်ခါလောက်ပဲ တွေ့ဖူးတာပါ။ သူက ကျွန်တော့်ကို စိတ်ကူးယဉ်လွန်းတယ်၊ နုလွန်းတယ်တဲ့။ ဟုတ်သလား။
ကိုအောင်လည်း မပြောမဆို မော်လမြိုင် သွားတယ်ဆိုတာ ဒေဝပြောလို့ ကျွန် တော်သိရတယ်။ ဘာလို့ ကျွန်တော့်ကို နှုတ်ဆက်မသွားတာလဲ။ ကျွန်တော်ဝမ်း နည်းတယ်။ စိတ်လည်းဆိုးတယ်။ တကယ် ပြောတာ။ ကျွန်တော်က စိတ်နာတတ် တယ်နော်၊ သတိထား။ ဒေဝတို့၊ ဗလတို့ တောင် ဟိုနေ့က ကျွန်တော့်ဆီ လာလည် သေးတယ်။ သူတို့လည်း ခါတိုင်းလို နောက် လား။ ပြောင်လားတောင်မလုပ်နိုင်ကြတော့ ဘူး။ အဖွဲ့ထဲ ကိုလတ်ရော၊ ခင်ဗျားရော မရှိတော့ ရင်ထဲမှာ ]ဟာ} နေကြတာပေါ့။ အရေးထဲ ချောစုကလည်း သူ့အမေ ဆိုင်ထွက်ရင်းမူးလဲလို့ ပဲခူးကို ပြန်သွားရတယ်။ ကျွန်တော်တောင် လိုက်သွားသေးတယ်။ ခုတော့ အခြေအနေကောင်းပါပြီ။
အဆောင်မှာ ကျွန်တော်တစ်ယောက် တည်းပဲပေါ့။ စာတွေအများကြီး ဖတ်ဖြစ်ပါတယ်။ တစ်နေ့ကို နှစ်အုပ်နှုန်းနဲ့ နေ့လယ် ဘက်မှာ ဝတ္ထု၊ ညဘက်ကို ကိုအောင်ပေးထားတဲ့ စာအုပ်တွေရော၊ ကျွန်တော့်ဘာသာ ငှားထားတာရော ဖတ်ပါတယ်။ ကိုလတ်ဆီရေးတဲ့စာတွေကို မပို့ဖြစ်တော့ လေ့ကျင့်ခန်းစာအုပ်တွေမှာ နံပါတ်တပ်ပြီး ရေးထားတယ်။ လေးနက်တာလည်းပါရဲ့။ မလေးနက်တဲ့အသေးအမွှားတွေလည်းပါ ရဲ့။ ကိုလတ်ကို ကျွန်တော်ပြောချင်တာတွေ ပြည့်နေတာပဲ။
မနေ့က မားသားကြီးဆီက စာလာတယ်။ ကောင်းကောင်းနေပါတဲ့။ ကောင်း ကောင်းမနေလို့ ကျွန်တော် ဘာလုပ်နေလို့ လဲ။ ဖားသားကြီးကအစ သတိပေးပြန်တယ်။ နေ့တိုင်းစာကျက်ဖို့၊ အပြင်ဆောင်မှာ ကောင်းကောင်းနေဖို့။ ဒီတော့ ကျွန်တော်ဘာတွေ အပြစ်လုပ်မိလဲ။ ကိုယ့်ဘာသာကိုယ် စဉ်းစားတယ်။ အပြစ်လည်း ရှာမတွေ့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဇွတ်ချည်း ထောက်ခံနေတယ်ဆိုပြီး ခင်ဗျားရယ်မနေနဲ့ဦး။ “စာ” ဆိုတဲ့ ကျောင်းစာကတော့ ကျွန်တော်တစ်သက်လုံး ကျက်ခဲ့တာမှ မဟုတ်ဘဲ။ ဆယ်တန်းတုန်းကတောင် မကျက်တာ၊ တစ်လလောက်မှ စကျက်တာ ကိုအောင် ယုံလား။ တက္ကသိုလ်ရောက်မှ စာကျက်တယ်ဆိုရင် ရာဇဝင်ရိုင်းရောပေါ့။ အတန်းမှန်မှန်တက်ရင် တော်ရောပေါ့။ ပရက်တီကယ်လ်တွေလည်း မလစ်ပါဘူး။
ဆက်လက်ဖော်ပြပါမည်။