ထာဝရအလှူ ကုသိုလ်ယူသည့် သစ်ပင်စိုက်ပွဲ

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၁၃ ရက်)

မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အလှူဒါနကုသိုလ် အမျိုးမျိုး ပြုလုပ်နေကြသည်မှာ လွန်စွာဝမ်းမြောက်ဖွယ် ကောင်းလှပေသည်။ မိမိတို့နိုင်ငံအတွက်၊ မိမိတို့ဘာသာ သာသနာအတွက်ပါ များစွာ ဂုဏ်ယူ အားတက်ဖွယ်ဖြစ်သည်။ ထိုကဲ့သို့ အလှူဒါနပြုနေကြရာတွင် အလှူရှင် ကုသိုလ်ရှင်များ အတွက် အကျိုးများစေရန် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သော ဒါနနှစ်မျိုးကို ဖော်ပြလိုပေသည်။ အဆိုပါဒါနနှစ်မျိုးမှာ တိမ်တိုက်လိုရွေ့လျားပြီး ပျောက်လွယ်မေ့လွယ်သော ဇင်္ဂမအလှူ ကုသိုလ်နှင့် မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် တာရှည်အကျိုး များသော ထာဝရအလှူကုသိုလ်တို့ ဖြစ်ပေသည်။

ထိုနှစ်မျိုးနှစ်စားတွင် ဒုတိယဖြစ်သော ထာဝရကုသိုလ်တွင် အမျိုးအစားအားဖြင့် ခြောက်မျိုးရှိကြောင်း သံယုတ်ပါဠိတော် ဝနရောပသုတ်တွင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောကြားတော်မူပါသည်။

ထိုကုသိုလ်ခြောက်မျိုးမှာ ၁။ ငှက်ပျော၊ ပိန္နဲ၊ မာလကာ၊ သရက် စသော အသီးစား သစ်ပင်များနှင့်စံပယ်၊ နှင်းဆီ စသော ရှုခင်းအလှပန်းပင်များ စိုက်ပျိုးခြင်း (အာရာမရောပလုပ်ငန်း)၊ ၂။ ကုက္ကိုပင်၊  မန်ကျည်းပင်၊ ညောင်ပင်စသော အရိပ်အာဝါသ ခိုမှီးရန် သစ်ပင်ကြီးမျိုးကို စိုက်ပျိုးခြင်း (ဝနရောပလုပ်ငန်း)၊ ၃။ လူနှင့်တိရစ္ဆာန်များ ဒုက္ခမရောက်အောင် လမ်းကူးတံတားများ ဆောက်လုပ်ပေးခြင်း (သေတုကာရက လုပ်ငန်း)၊ ၄။ ရေချမ်းစင် တည်ထားခြင်း(ပပဉ္စကုသိုလ်)၊ ၅။ အများသူငါသုံးစွဲဖို့ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း (ဥဒပနကုသိုလ်)၊၆။ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဥပုသ်ဇရပ်ခရီးသည်တို့ အတွက် အပန်းဖြေနားခိုရန် ဇရပ်ဆောက်လုပ် လှူဒါန်းခြင်း(ဥပဿယကုသိုလ်)ဟူ၍ဖြစ်ပေသည်။

ဤအလှူဒါန ခြောက်မျိုးကို သဒ္ဓါတရား တိုးပွားကြောင်း အမြဲထာဝရ ကုသိုလ်များ ရနေသည့်အတွက် ထာဝရကုသိုလ်ဟု ခေါ်ခြင်းဖြစ်သည်။ အဆိုပါထာဝရ ကုသိုလ်ခြောက်မျိုးကို ရည်ရွယ်၍ မုန်တိုင်ပင် ဆရာတော်၏ သုံးပုံတံချူကျမ်းတွင်  ''အရန်သစ်ပင်၊ ရေအိုးစင်နှင့်၊ ထို့ပြင် ရေတွင်း၊ ခင်းသည့်တံတား၊ ကျောင်းကားတစ်ခု၊ ခြောက်စုဒါန၊ စိုက်ပျိုးရ၍၊ ဒိဝရတ္ထိ၊ အောက်မေ့မိက၊ နေ့ညမခြား၊ ပွားသည်သာဟု၊ သုံးရွာလူ့ဘ၊ ညွှန်ပြရွှေနှုတ်၊ ကျမ်းသံယုတ်မှာ၊ မိန့်တော်လာသည်၊ သေခါမမှား၊ နတ်ရွာလား'' ဟု စပ်ဆိုထားသည်။

မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ထာဝရကုသိုလ်ဟုအမည်ပေးထားသော ယင်းအလှူခြောက်မျိုးကို ဉာဏ်ရှိသလို စဉ်းစားကြည့်နိုင်သည်။ သရက်ပင်တစ်ပင်၊ အုန်းတစ်ပင်၊ ငှက်ပျောတစ်ပင် စိုက်ပျိုးထားခြင်းအားဖြင့် လူများအတွက် မည်မျှလောက်အထိ အကျိုးများနိုင်သည်ကို စဉ်းစားကြည့်လျှင် သိနိုင်သည်။ ကုက္ကိုတစ်ပင်၊ ညောင်တစ်ပင် ရှိနေခြင်းအားဖြင့် အရိပ်အာဝါသ အတွက် မည်မျှအထိ အသုံးဝင်သည်၊ ခိုနားရသူအဖို့ ကာယသုခ၊ စိတ္တသုခမည်မျှအထ ပေးနိုင်သည်ကို စဉ်းစားကြည့်လျှင် သိနိုင်သည်။

လမ်းကူးတံတားတစ်ခုသည် ခရီးသွား အများပုဂ္ဂိုလ်များ၊ ဈေးသွားဈေးလာများ၊ ကျွဲနွားတိရစ္ဆာန်များ စသည့်သတ္တဝါအဖို့ မည်မျှအထိအကျိုးများသည်ကို စဉ်းစားလျှင်သိနိုင်ပါသည်။ လမ်းဘေးတွင် တည်ထားသော ရေချမ်းစင်တစ်ခုသည် ခရီးသွားများအဖို့ မည်မျှအထိ အမောပြေစေနိုင်သည်ကို  သိနိုင်သည်။ ရေတွင်းတစ်တွင်း၊ ရေပန့်တစ်ခု ရှိနေခြင်းအားဖြင့် တစ်မြို့လုံး တစ်ရွာလုံး ချမ်းသာသုခအကျိုးများစွာ ရနိုင်သည်။

ကျောင်းတစ်ဆောင်၊  ဇရပ်တစ်ခု ဆောက်ထားခြင်းအားဖြင့် ဘုန်းတော်ကြီးများ၊ ဥပုသ်သည်များ၊ ခရီးသွားများအတွက် ကာယသုခ၊ စိတ္တသုခများစွာ ရနိုင်သည်မှာ ထင်ရှားလှပေသည်။

ထာဝရကုသိုလ်များနှင့် စပ်လျဉ်း၍ လူမှုရေး မျက်စိနှင့် ကြည့်ကြည့် ဘာသာရေး ရှုထောင့်နှင့်ကြည့်ကြည့် တကယ်ထိမိသော ကုသိုလ်များဖြစ်သည်။ အလှူရှင် အများစု စိတ်ဝင်စားလာရန် လိုအပ်ပေသည်။ မိမိတစ်ဦးတစ်ယောက်၏ စိတ်စေတနာဖြင့် သစ်ပင်တစ်ပင် စိုက်မည်ဆိုပါက အဆိုပါသစ်ပင် ကြီးထွားလာသောအခါ လူသားတို့အတွက် ကောင်းကျိုး ရရှိစေမည်ဖြစ်ပေသည်။ သစ်ပင်စိုက်ပျိုးသူအတွက် ထာဝရ ကုသိုလ်ရမည်ဖြစ်သကဲ့သို့ ခေတ်အဆက်ဆက် လူသားတို့အတွက် အရိပ်ရခြင်း၊ အေးမြခြင်း၊ လေပြင်းတိုက်ခံရခြင်းမှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးများ ရပါလိမ့်မည်။ စိုက်ပျိုးထားသောအပင်သည် သီးပင်စားပင်ဖြစ်ပါက စားသုံးသူအတွက် အစာအာဟာရဖြစ်စေသည်။

ထို့ကြောင့် ရှေးလူကြီးများက သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်သည်ဟူသော စကားရပ်ထားရှိခဲ့ခြင်းဖြစ်သည်။ ငှက်တစ်သောင်းမက လူပေါင်းတစ်သောင်းလုံး စားသုံးနိုင်သည်။ မှီခိုနိုင်သည်။ ယုတ်စွအဆုံး သစ်ပင်သည် အိုမင်းရင့်ရော် သွားသည့်အခါ နောက်ဆုံး ကောင်းကျိုးအနေဖြင့် ထင်းစိုက်လို့ ရပေသေးသည်။ သစ်ပင်မှန်သမျှသည် လူသားတို့ကို ကောင်းကျိုးဖြစ်ထွန်းစေသည်။ မဟော်ဂနီ၊ ကျွန်း၊ သပြေ၊ ပျဉ်းကတိုး၊မြန်မာပိတောက်၊ တမလန်း၊ အင်ကြင်း၊ ဖျောက်ဆိပ်၊ ရုံး၊ ကံ့ကော်၊ ရင်းမာ၊ ရေသဖန်း၊ ပန်းမဲဇလီ၊ ထောက်ကြံ့၊မဏိသြဃ၊ စစ်၊ သင်းဝင်၊ လယ်စ၊ မအူလက်တံတို၊ ယမနေ၊ ပျဉ်းမ၊ ပင်လယ်ကဗွီး၊ တင်းဝါး၊ ဝါးပိုးမျက်ဆန်ကျယ်၊ ကြသောင်း၊ ဝါးမင်း၊ ဝါးပိုး စသည့်သစ်ဝါး အမည်စုံလင်လှသည်။

လူသားတိုင်းသည် မိမိနေထိုင်ရာ အရပ်ဒေသတွင် အများကောင်းကျိုးကို သယ်ပိုးလိုစိတ်ရှိကြသည်။ အများအကျိုး သယ်ပိုးခြင်းသည် ကောင်းမှုတစ်ခု နေ့စဉ်ပြုနေသည့်ပမာ ကုသိုလ်တိုးပွားနေမည်သာဖြစ်သည်။

လူ့ဘဝသံသရာ ခရီးကို ပိုင်းခြားက ြည့်မည်ဆိုလျှင် ရှေးအစဉ်အဆက် လူသားတို့ ကျေးဇူးကြောင့် မိမိတို့ပစ္စုပ္ပန် လူသားများ ကောင်းကျိုးရရှိသည်။ မိမိတို့ကလည်း နောင်လာမည့် အနာဂတ်လူသားများအတွက် ကောင်းကျိုးတစ်ခုခုဖြစ်စေရန် ဖန်တီးသင့်ပေသည်။ သို့ဆိုပါလျှင် သစ်ပင်စိုက်ခြင်းဖြင့် ကောင်းမှုကုသိုလ် ရယူခြင်းသည်ကောင်းမွန်သော ဆောင်ရွက်ချက် ဖြစ်ပါကြောင်း မြဝတီက ရေးသား တင်ပြလိုက်ရပေသည်။  ။