သက်ရှည်ကျန်းမာကြံ့ခိုင်ရေး

 

သက်ရှည်ကျန်းမာကြံ့ခိုင်ရေး

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၂၁ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်    ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊    ဦးတည်ချက်(၉)ရပ် ချမှတ်ကာ  ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်အောင်  ဆောင်ရွက်လျက်ရှိသည်။    နိုင်ငံရေး၊  စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက်များတွင်   လူတိုင်းအတွက် အဓိကကျသည်မှာ  သက်ရှည် ကျန်းမာရေးပင်ဖြစ်သည်။ သက်ရှည်ကျန်းမာနေမှသာ မိမိအတွက်၊ မိမိနိုင်ငံတော်အတွက် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့်  ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”ကို ရည်မှန်းချက်ထား ဆောင်ရွက် ပေးလျက်ရှိသည်။

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးမှာ  နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့်  ကိစ္စရပ်ဖြစ်သည်။ မိမိတို့နိုင်ငံသား တစ်ဦးချင်းက  ကိုယ်စီလိုက်ပါ ဆောင်ရွက်မှသာ သက်ရှည်ကျန်းမာ ကြံ့ခိုင်ပေမည်။  ယခုကဲ့သို့ နွေရာသီတွင် လူတိုင်းကကျန်းမာရေးကို အထူးဂရုစိုက်ရပေမည်။ ရာသီဥတုပူသည့်အခါ ခန္ဓာကိုယ်ကချွေး ထွက်များနေ၍  နေ့စဉ်ရေများများ သောက်ရန်လိုအပ်သည်။ ရေသန့်ဘူး(တစ်လီတာ)သုံးဘူးခန့် သောက်သင့် ကြောင်းနှင့်ရေများများ သောက်ခြင်းဖြင့်  ခန္ဓာကိုယ်တွင်ရှိသည့်ဆဲလ်များ ရေဓာတ်ပြည့်ဝနေပြီး အလုပ် ကောင်းကောင်း လုပ်နိုင်မည်ဖြစ်သည်။

လူသားတို့သည်  မိမိတို့၏ တစ်ကိုယ်ရေကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်ကြရာတွင် ရှောင်သင့်တာကို ရှောင်၍ဆောင်သင့်တာကို ဆောင်ကြရမည်။ သို့မှသာအသက်ရှည်စွာ အနာမဲ့ကြောင်း ကောင်းကျိုးဖြစ်ထွန်းနေမည်ဖြစ်သည်။ လူတိုင်းအတွက် ရှောင်သင့်သည်မှာ ဆားလျှော့စားခြင်းလည်း ပါဝင်သည်။ လူတစ်ဦးအတွက် နေ့စဉ်လိုအပ်သည့် ဆားပမာဏမှာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာဖြစ်ကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။ ဆားလျှော့စားခြင်းဆိုသော်လည်း ဆားဓာတ်မှာ ခန္ဓာကိုယ်အတွက်    မရှိမဖြစ် လိုအပ်ပေရာ တစ်ရက်ကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထက်ပို၍ မစားရန်ဖြစ်သည်။

တစ်ရက်ကိုဆားတစ်ဇွန်းထက် ပိုပြီးစားသုံးပါက ကျောက်ကပ်အတွက် အန္တရာယ်ရှိနိုင်သည်။  ကျောက်ကပ်သည်  ခန္ခာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားသည်။    လူတိုင်းနေ့စဉ်နှင့်အမျှ  စားသောက်နေသည်များမှ ခန္ဓာကိုယ်အတွက် လိုအပ်သည့်   ပစ္စည်းများကို စုဆောင်းပေးသည်။    တစ်ဖက်ကလည်း ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိသည့်  အဆိပ်အတောက်များကို ဆီးအဖြစ်စွန့်ထုတ်ပေးသည်။  အဆိပ်အတောက် မပါသည့် သန့်စင်သွေးကို  ခန္ဓာကိုယ်အနှံ့ပို့ဆောင်ပေးသည်။  ထို့ကြောင့် ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အသည်းနှင့်အူကလီစာများက  အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်သည်။  ကျောက်ကပ်က ဆားဓာတ်ကို စွန့်ထုတ်နိုင်သည့် ပမာဏမှာလည်း အတိုင်းအတာ တစ်ခုအထိသာရှိသည်။

ခန္ဓာကိုယ်တွင် ဆားဓာတ်များလာပြီဆိုပါက မျက်နှာ၊ ခြေ၊ လက်များ ဖောရောင်လာခြင်းများ ဖြစ်တတ်သည်။ သွေးပေါင်ချိန် မတက်တတ်သူကလည်း သွေးတိုးတတ်သည်။ သွေးတိုးရှိသူများအနေဖြင့်မူ သွေးပေါင်ချိန် ပိုမိုတက်သွားတတ်သည်။ အခန့်မသင့်ပါက နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းတို့အထိ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ဆားစားသုံးမှု မများအောင် ဂရုစိုက်ကြရမည်ဖြစ်ပေသည်။  လူမှုပတ်ဝန်းကျင်တွင် အရသာအားဖြင့် မငန်သော်လည်း ဆားဓာတ်(ဆိုဒီယမ်ဓာတ်)များသည့် အစားအစာများကိုလည်း  သတိထားရမည်ဖြစ်သည်။ ဥပမာအားဖြင့် အချိုမှုန့်နှင့်အသားမှုန့်များတွင် ဆိုဒီယမ်ဓာတ် များလှသည်။

လူတိုင်းသတိပြုသင့်သည်မှာ အချိုမှုန့်များသည့် အစားအစာစားပြီး သုံးနာရီကြာလျှင် ရေပိုဆာတတ်သည်။ မျက်နှာဖောလာသည်။ လက်စွပ်လေးများ ကျပ်လာသည်။ ခြေထောက်လေးများ တင်းလာသည်။အချိုမှုန့်ပါဝင်မှု များသောအစားအစာ မစားခင်နှင့်စားပြီး ကိုယ်အလေးချိန်ချိန်ကြည့်လျှင်  ပေါင်ချိန်အနည်းဆုံး တစ်ပေါင်၊ နှစ်ပေါင်ခန့်တက်လာသလို သွေးပေါင်ချိန်လည်း များလာသည်။ အချိုမှုန့်၊ အသားမှုန့်၊ ဆော်ဒါပါသည့် အစားအစာ အားလုံးမှာ   ဤသဘောတရားသည် အတူတူပင်ဖြစ်ကြောင်း  ကျန်းမာရေးဆိုင်ရာ ပညာရှင်  ပါမောက္ခ ဒေါက်တာခင်ဖြူပြာက ကမ္ဘာ့ကျောက်ကပ်နေ့ ဂုဏ်ပြုဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။

သွေးတိုးရှိသူများအနေဖြင့်  သွေးပေါင်ချိန်ကို ၁၃၅/၈၅ လောက်အထိ ထိန်းထားကြရမည်ဖြစ်သည်။

သွေးပေါင်ကျဆေး မှန်မှန်သောက်ရမည်ဖြစ်ပြီး သွေးပေါင်ကိုလည်း အမြဲချိန်ရမည်ဖြစ်သည်။ ကျောက်ကပ်ရောင်လျှင် သွေးတိုးခြင်းဖြစ်တတ်သလို သွေးတိုးတာကြာရှည်လျှင်လည်း ကျောက်ကပ် ထိခိုက်တတ်ပါသည်။ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းကလည်း ကျောက်ကပ်ကို အားနည်းစေသည်။ ထို့ပြင် အကိုက်အခဲပျောက်ဆေးများကလည်း ကျောက်ကပ်ကို အားနည်းစေသည်။

လူတိုင်းတွင်တူညီသော ဆန္ဒမှာ အသက်ရှည်ရှည်နေလိုကြသည်။ ရောဂါကင်းစင် စိတ်ပျော်ရွှင်ဖြင့် ဘဝခရီးကို ဖြတ်သန်းလိုကြသည်။ သို့ဆိုပါလျှင် အကောင်းဆုံးနည်းလမ်းမှာ မိမိတို့နှင့်သင့်လျော်သည့် ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်ပြုလုပ်ကြရန်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုက သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ရောဂါများအတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် အသိ၊ သတိနှင့်  စားသောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုကို  စဉ်ဆက်မပြတ် လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။