ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး

 

ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၂၂ ရက်)

    ရေသည်လူသားတို့ အသက်ရှင်ရပ်တည်နိုင်ရေး အတွက် လိုအပ်ချက်တွင် အဓိကနေရာမှာရှိနေသည်။ “ထမင်းအသက်ခုနစ်ရက်၊ ရေအသက်တစ်မနက်”ဟု ဆိုစကားရှိပေရာ ရေ၏အဖိုးတန်မှုကို ပြဆိုခြင်းဖြစ်သည်။ ရေကိုလူသားတိုင်းက တန်ဖိုးထားရမည်ဖြစ်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂ အနေဖြင့်လည်း ကမ္ဘာ့ရေနေ့ (World Water Day)အဖြစ် မတ်လ ၂၂ ရက်ကို သတ်မှတ်ပေးခဲ့သည်။ ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက် ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်မှာ “ငြိမ်းချမ်းသာယာ ဝပြောရေး ရေကဏ္ဍကို မြှင့်တင်ပေး” ဖြစ်သည်။ ကမ္ဘာ့ရေနေ့ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကုလသမဂ္ဂ၏ ထောင်စုနှစ်ပန်းတိုင်(၁၇)ချက်အနက် နံပါတ်(၆)အချက်ဖြစ်သော လူသားတိုင်း သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိစေရေး ကတိကဝတ်အရ ကမ္ဘာ့လူသားအားလုံးအတွက် ရေနှင့်သန့်ရှင်းရေးကို ပံ့ပိုးကူညီရန်ဖြစ်သည်။

ကမ္ဘာ့ရေနေ့ကို ၁၉၉၃ ခုနှစ်မှစတင်ကာ နှစ်စဉ်မတ်လ ၂၂ ရက်နေ့တိုင်းတွင်  UN-Water အဖွဲ့ဝင်များ ဦးဆောင်ကာ ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပခဲ့ကြသည်။ ထိုသို့ကျင်းပခြင်းကြောင့် လူသားတို့သည်  ရေနှင့်ပတ်သက်သော အဓိကပြဿနာ တစ်ရပ်ရပ်ကိုသတိပြုမိပြီး ရေသယံဇာတ ထိန်းသိမ်းရေး၊ ရေအခက်အခဲမရှိစေရေး၊ ရေကိုစနစ်တကျ သုံးစွဲကြစေရေး၊ သန့်ရှင်းသည့် သောက်သုံးရေနှင့် စနစ်ကျသည့် မိလ္လာစနစ်မရရှိသူများအတွက် အလေးထား ဖြေရှင်းပေးရေးနှင့်  ရေ၏အရေးပါမှုကို ဂရုပြုမိလာကြသည့် အကျိုးကျေးဇူးများ ရရှိလာသည်။

ကမ္ဘာကြီး၏နယ်ပယ် အကျယ်အဝန်းတွင် ၇၁ ရာခိုင်နှုန်းခန့်သည် ရေများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ ကမ္ဘာ့ရေအားလုံး၏ ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို သမုဒ္ဒရာများက ပိုင်ဆိုင်ထားသည်။ ပင်လယ်သမုဒ္ဒရာ ရေများမှာ ရေငန်များသာဖြစ်သည်။ လူသားတို့ အသက်ရှင်သန်ရေးအတွက် လိုအပ်သည့်ရေချိုမှာမူ ကမ္ဘာ့ရေအားလုံး၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိကြောင်း သိရှိရသည်။ ကမ္ဘာတစ်ဝန်းရှိ မြစ်များအနက် မြစ်ပေါင်း ၂၇၆ စင်းသည် နိုင်ငံနှစ်ခု သို့မဟုတ် ထို့ထက်ပိုသောနိုင်ငံများ၏နယ်မြေများကို ဖြတ်သန်း စီးဆင်းလျက် ရှိသည်။ ကမ္ဘာ့လူဦးရေ ၃ ဘီလီယံကျော်မှာ အဆိုပါ နိုင်ငံနယ်နိမိတ် ဖြတ်ကျော်ရေများကို မှီခိုနေကြရသည်။ ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါဂေဟစနစ် ၆၆ ခုကိုလည်း နိုင်ငံတစ်ခုထက် ပို၍မျှဝေခံစားနေကြသည်။

ထိုသို့ရေနှင့် ရေသယံဇာတများကို အိမ်နီးချင်းနိုင်ငံများနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၊ ရေနေသတ္တဝါများကို မျှဝေသုံးစွဲနေကြသော်လည်း နိုင်ငံပေါင်း ၂၄ နိုင်ငံကသာ ၎င်းတို့၏ မျှဝေသုံးစွဲသည့် ရေနှင့် ရေသယံဇာတများအတွက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ရရှိထားကြသည်။ ထို့ကြောင့်ရေရှား ပါးချိန်နှင့်ကြုံကြိုက်သည့်အခါ ရေကြောင့် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်။ ရေသည်ငြိမ်းချမ်းရေး သို့မဟုတ် ပဋိပက္ခကို အချိန်မရွေး ဖန်တီးနိုင်သည်။ ထို့ကြောင့် “ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကို မြှင့်တင်ပေး”ဟူသော ဆောင်ပုဒ်ကို ယခုနှစ်အတွက် သတ်မှတ်ခြင်းဖြစ်သည်။

ကမ္ဘာ့လူသားများ   သောက်သုံးရေ အလုံအလောက်ရရှိစေရန်နှင့်  ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို သက်ရောက်စေရန်အတွက် ရေသည်အရေးကြီးလှသည်။ ကျန်းမာရေးနှင့် လူမှုစီးပွားတိုးတက်ရေး၊ မိသားစုဘဝ သာယာဝပြောရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်စနစ်များ၊ စီးပွားရေး ကုန်ထုတ်စွမ်းအားနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့သည်  လူမှုဝန်းကျင်နှင့် သဟဇာတဖြစ်သော ရေစီမံခန့်ခွဲမှုအပေါ်တွင် မှီခိုနေပါသည်။ ရေရှားပါးမှုကြောင့် လူသားတို့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ တိရစ္ဆာန်များနှင့် သစ်ပင်များ သေကျေပျက်စီး ဆုံးရှုံးခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။

မြန်မာနိုင်ငံသည် မြစ်များ၊ ချောင်းများပေါများသောနိုင်ငံဖြစ်သည်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်စသောမြစ်ကြီးလေးသွယ်သည်  မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပြီး အခြားမြစ်များနှင့် မြစ်လက်တက်၊ချောင်း၊ မြောင်းများမှ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယှက်နွှယ်စီးဆင်းလျက်ရှိသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့ရွာများတွင် လူဦးရေတိုးပွားမှု၊ လူနေထူထပ်မှု၊ စက်မှုဇုန်နှင့် စီးပွားရေးဇုန်များ တိုးတက်များပြားလာမှု စသည်ဖြင့် လူနေမှုစနစ် ပြောင်းလဲလာမှုတို့ကြောင့် ရေလိုအပ်မှုသည် ပိုမိုများပြားလာနေပြီဖြစ်သည်။

လူတိုင်းအတွက် ရေဖူလုံစွာ ရရှိနိုင်ရေးမှာလည်း စိန်ခေါ်မှုဖြစ်လာသည်။ မြစ်၊ ချောင်းများ အတွင်းသို့ စွန့်ပစ်လိုက်သည့်ရေဆိုးများနှင့် ဓာတုပစ္စည်းများကြောင့်လည်း ရေထုညစ်ညမ်းမှု ပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲရေးကို စနစ်တကျဆောင်ရွက်လျက် ရှိနေသည့်အခါ ပြည်သူများကိုယ်တိုင်က စည်းကမ်းလိုက်နာမှုဖြင့် ပူးပေါင်းပါဝင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည်  လျှပ်စစ်စွမ်းအား ရရှိရေးအတွက်  ရေအားလျှပ်စစ်ကို အသုံးချလျက်ရှိသည်။ရေအားလျှပ်စစ်ဖြင့် မလုံလောက်သဖြင့် ဒီဇယ်၊ သဘာဝဓာတ်ငွေ့  စသည့်နည်းလမ်းများဖြင့် လျှပ်စစ်ရရှိရေး ဆောင်ရွက်နေရသည်။ ရေကိုအသုံးပြုရာတွင် ရေအရင်းအမြစ်များ အားလုံး၏ တစ်စိတ်တစ်ဒေသကိုသာ အသုံးပြုနိုင်သေးသဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုဘဝ အဆင့်မြင့်မားရေးအတွက် ရေအရင်းအမြစ်များကို  စနစ်တကျ စူးစမ်းလေ့လာ၍ အကျိုးရှိစွာ အသုံးချကြရမည်ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော်  “ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကို မြှင့်တင်ပေး”ဟူသောဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းကလည်း  ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း  ရေးသားလိုက်ရပေသည်။   ။