လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး

 

လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး

 

အယ်ဒီတာ့အာဘော်                  

(၂၀၂၄ ခုနှစ်၊ မတ် ၂၃ ရက်)

အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၂၁ ရက်ကကျင်းပခဲ့သည့် အမျိုးသားစီမံကိန်း ကော်မရှင် (၁/၂၀၂၄)အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားစဉ် “နိုင်ငံတော်က မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်ရေး အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များ အဖြစ် အလေးအနက်ခံယူပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များက ဟန်ချက်ညီညီ အချိတ်အဆက် မိမိပူးပေါင်းပြီး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ တိုင်းသူပြည်သားများ၏ သာယာဝပြောရေးတို့ အတွက် ပြည်သူဗဟိုပြု လုပ်ငန်းများကို  လူထုနှင့် လက်တွဲပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး အမျိုးသားရေး ရည်မှန်းချက် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ရှေ့ လုပ်ငန်းစဉ်များကိုလည်း နိုင်ငံ့အရေးကို အလေးထားပြီး တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် ဦးတည်ချက်များကို  အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ဘက်ပေါင်းစုံမှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်စေရေး၊ စားအုန်းဆီကို ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါဂွမ်းကို ပြည်တွင်း၌ပင် လုံလောက်စွာထုတ်လုပ်ပြီး အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးနှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကို ကြိုးပမ်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့ပြင် ထုတ်ကုန်များများ ထုတ်လုပ်နိုင်မှ ပြည်တွင်းစားသုံးမှုသာမက ပြည်ပဈေးကွက် တိုးချဲ့တင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(MSME)များကို အားပေးမြှင့်တင်ပေးခဲ့သည်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး အခြေခံလုပ်ငန်းများ၊ ကျေးလက်ဒေသများတွင် ကုန်ထုတ်လမ်းများ၊ ရာသီမရွေးသွားလာနိုင်သည့် လမ်းကွန်ရက်များ ရရှိစေရေးကိုလည်း ဆောင်ရွက်ပေးလျက် ရှိသည်။ ပညာရေးကဏ္ဍတွင်  အရည်အသွေး မြင့်မားသည့် ပညာရေးစနစ် ဖြစ်စေရန်အတွက်   လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ရရှိရန် ဦးစားပေး ဆောင်ရွက်ခြင်း၊ လူတိုင်းစေ့ ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိခြင်း၊ ကျန်းမာရေးကဏ္ဍ တိုးတက်ရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အားကစားနှင့်နိုင်ငံ့ ဂုဏ်ဆောင်နိုင်ရေးတို့အတွက် အားကစားကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ တိုးတက်ရေးတို့ကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။ စရိတ်ကြောင့် မြင့်တက်လာသည့် ငွေဖောင်းပွမှု(cost push inflation)ကို အတတ်နိုင်ဆုံးထိန်းနိုင်ရန် အခြေခံ စားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက် သက်သာစွာ ဝယ်ယူရရှိစေရေး အတွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

နိုင်ငံတော်ကချမှတ်ထားသည့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံ့အကျိုး၊ တိုင်းရင်းသား ပြည်သူအားလုံး၏ အကျိုးကိုရှေးရှုပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ကဏ္ဍအလိုက်နှင့် နယ်ပယ်အလိုက်တွင် လုပ်ငန်းများ အောင်မြင်စေရေးအတွက် ယခုထက် တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်သည်။ ရရှိပြီးဖြစ်သည့် တိုးတက်မှုများကို အရှိန်အဟုန်မပြတ်စေဘဲ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို အောင်မြင်အောင် အင်တိုက်အားတိုက်ကြိုးပမ်း ဆောင်ရွက်ကြမည်ဖြစ်သည်။ နိုင်ငံတော်၏ လူမှုစီးပွားရေး အဆောက်အအုံကို ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်ခိုင်မာအောင် တည်ဆောက်ရာတွင် ပြည်တွင်းအင်အားကသာ အဓိကဖြစ်သည်။ ပြည်တွင်း၌ရှိသည့် အရင်းအမြစ်မျိုးစုံကို အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုကြရမည်ဖြစ်သည်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အချိန်ယူ ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ ပညာအရည်အသွေးပြည့်မီရေး၊ ခေတ်မီအတတ်ပညာများ၊ နည်းပညာများ သင်ကြားနိုင်ရေးနှင့် မှန်ကန်သည့် တွေးခေါ်မြော်မြင်မှုများ ရရှိရေး လေ့ကျင့်ပျိုးထောင်ရမည် ဖြစ်သကဲ့သို့ ပညာရေး နှင့်ခေတ်မီနိုင်ငံတော် တည်ဆောက်နိုင်ရေးကို မျှော်မှန်းပြီး လူငယ်များ ဗလငါးတန်ပြည့်ဝရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ အမျိုးသားရေးစရိုက် လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ် မြှင့်တင်ရေးတို့အတွက်  ခိုင်မာသည့် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီးစည်းလုံး ညီညွတ်စွာနှင့်ကြိုးပမ်းခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြည်တွင်းအားနှင့် စုပေါင်းပြီး သတိဝီရိယနှင့် တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်ခြင်း ပြုမည်ဆိုပါက ပြည်သူတို့၏ လူမှုစီးပွားဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။