ရွှေတိဂုံစေတီတော်၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အောင်ပွဲနှင့်ရေစက်ချ အနုမောဒနာ အခမ်းအနားကျင်းပ

 

ရွှေတိဂုံစေတီတော်၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အောင်ပွဲနှင့်ရေစက်ချ အနုမောဒနာ အခမ်းအနားကျင်းပ

 

ရန်ကုန်    မတ်    ၂၄

    ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၆၁၂ နှစ်မြောက်  ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အောင်ပွဲနှင့်ရေစက်ချ အနုမောဒနာ အခမ်း အနားကို ယနေ့ နံနက်  ၉  နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါ စရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း ဒေသကြီး  ဝန်ကြီးချုပ်  ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များနှင့်  အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇာဂရာဘိဝံသထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဧည့်ပရိသတ်များက  ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့ဝင် ဦးမျိုးအောင်ဌေးက ဗုဒ္ဓပူဇနိယမင်္ဂလာ အနုမောဒနာကို လျှောက်ထားသည်။

ယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးများနှင့်   ပင့်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက   လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဒွိပိဋကဓရ ဝိနယဒီဃနိကာယပါဠိ ပါရဂူဘဒ္ဒန္တနာဂိတထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ ရေစက်ချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် စေတီတော်ရင်ပြင် ရောင်တော်ဖွင့်တန်ဆောင်း၌ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်းနှင့်ထီးတော်ရုံ တန်ဆောင်းတို့၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်မြောက်ဘက်မုခ်ရှိ   အောင်မြေ၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊  ဂေါပကရုံးဝန်ထမ်းများက ဆွမ်းတော်ကြီး တင်လှူဆက်ကပ် လှူဒါန်းကြသည်။

ယနေ့ တပေါင်းလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင်   တန်ခိုးကြီးဘုရားများနှင့် အနယ်နယ်အရပ်ရပ်ရှိ စေတီတော်များတွင် ဘုရားဖူးပြည်သူများ လာရောက်၍ ပန်း၊ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြကာ ကုသိုလ်ဘာဝနာများ  ပွားများလျက်ရှိကြသည်။