အစဉ်အလာကြီးမားစွာ ရပ်တည်လျက်ရှိသောတပ်မတော်

 

အစဉ်အလာကြီးမားစွာ ရပ်တည်လျက်ရှိသောတပ်မတော်

 

အယ်ဒီတာ့အာဘော်               

(၂၀၂၄ ခုနှစ်၊ မတ် ၂၇ ရက်)

    တပ်မတော်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု၊ ဒို့တာဝန်အရေးသုံးပါး ကာကွယ်စောင့်ရှောက်ခဲ့မှု၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုဆိုင်ရာ  သမိုင်းကြောင်းများစွာနှင့်အတူ ယှဉ်တွဲ ပေါ်ပေါက်လာခဲ့ပြီး အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည်မှာ ယခုအခါ (၇၉)   နှစ်တာ ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံ သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာလျှင် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားကြီး ဟူသော မင်းမြတ်သုံးပါး ပေါ်ထွန်းခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။  ထိုမင်းမြတ် သုံးပါးသည် မြန်မာအင်ပါယာ နိုင်ငံတော်ကြီးကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ပေးနိုင်ခဲ့သည့် အတွက် ယနေ့တိုင်မြန်မာ့သမိုင်းတွင် ထင်ရှားလျက်ရှိနေသည်။

အဆိုပါမင်းမြတ်သုံးပါးသည် အင်အားတောင့်တင်းသော တပ်မတော်ကြီးများကို တည်ဆောက်နိုင်ခဲ့သည့် အတွက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲကာ   ပတ်ဝန်းကျင်နိုင်ငံများကပင် လေးစားကြရသည်။ အင်အားတောင့်တင်းခိုင်မာခြင်းကြောင့် ကျူးကျော်လာသူ ရန်ဟူသမျှကို ချေမှုန်းနိုင်ခဲ့သော်လည်း အင်အားတောင့်တင်းခိုင်မာခြင်း မရှိသည့်အခါတွင် ကျူးကျော်မှုကို အောင်မြင်စွာတို က်ခိုက်နိုင်ခြင်း မရှိသည်ကိုတွေ့မြင်ရသည်။ ကုန်းဘောင်ခေတ်နှောင်းတွင် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံကို စစ်ပွဲသုံးကြိမ် ဆင်နွှဲပြီး မိမိတို့နိုင်ငံမှာ ကိုလိုနီနိုင်ငံအဖြစ်သို့ ကျရောက်ခဲ့ရသည်။  ဤသည်မှာ မျိုးဆက်သစ် အဆက်ဆက်တို့ အမြဲသတိပြုရမည့် အကြောင်းအရာဖြစ်သည်။

ဗြိတိသျှနယ်ချဲ့တို့ဖန်တီးခဲ့သည့်  သွေးခွဲမှုများကြောင့်   တိုင်းရင်းသား အချင်းချင်းအကြား ယုံကြည်မှု လျော့နည်းခဲ့ရခြင်းနှင့် အတူ နိုင်ငံရေးအယူအဆနှင့် အယူဝါဒကွဲပြားမှု အမျိုးမျိုးတို့ကြောင့် လွတ်လပ်ရေး ရပြီးမကြာမီတွင်  ပြည်တွင်းသောင်းကျန်းမှု စစ်မီးကြီး  ပေါ်ပေါက်လာခဲ့ရသည်။      ရန်ကုန်အစိုးရဟု လှောင်ပြောင်ခေါ်ခံခဲ့ရာမှ  တပ်မတော်အနေဖြင့် အဆုံးအဖြတ်ပေးသည့် တိုက်ပွဲကြီးများကို အသက်၊ သွေး၊ ချွေး မြောက်မြားစွာပေးဆပ်ပြီး တိုင်းပြည်အေးချမ်းအောင် ဆောင်ရွက်ပေးခဲ့ရသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အထိ ပြည်ပကျူးကျော်မှုကို မဲခေါင်စစ်ဆင်ရေးကြီး အပါအဝင် စစ်ဆင်ရေးကြီး အကြိမ် ၃၀ နှင့် စစ်ဆင်ရေးငယ်များစွာ ဆင်နွှဲပြီး နိုင်ငံတော်ကိုပြည်ပ ကျူးကျော်မှုအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ပေးခဲ့ရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၁၉၅၈ ခုနှစ် နိုင်ငံရေး အကျပ်အတည်း၊ ၁၉၆၂ ခုနှစ် ပြည်ထောင်စုပြိုကွဲမည့် အန္တရာယ်၊ ၁၉၈၈ ခုနှစ် ဆူပူမှုအရေးအခင်းနှင့် အုပ်ချုပ်ရေးယန္တရား ပျက်ပြားမှု စသည့် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည့် အရေးကိစ္စတို့နှင့် ကြုံတွေ့ခဲ့ရချိန်များမှာလည်း တပ်မတော်အနေဖြင့် မှန်ကန်သည့် ရပ်တည်ချက်၊ အမျိုးသားရေး ခံယူချက်များနှင့်အတူ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများမှာလည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရန်ပြုလာခဲ့သည့် သောင်းကျန်းသူများကို တပ်မတော်သားများ၏ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိပြည့်ဝမှုတို့ဖြင့် အောင်မြင်စွာချေမှုန်း တိုက်ခိုက်နိုင်ခဲ့သည်။ တပ်မတော်အနေဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှ လက်ရှိအချိန်ထိ ခေတ်အဆက်ဆက် စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီး ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားကာ   အောင်မြင်စွာ ကာကွယ်စောင့်ရှောက်နိုင်သည်မှာ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်အတွက် အမြဲအသင့်ရှိနေပေရာ တပ်မတော်သားတို့သည်"လေ့လာ  လေ့ကျင့်  လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးဆောင်ပုဒ်နှင့် ကျင့်သုံးလျက်ရှိသည်။ စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကို  လေ့လာနေကြရသည်။ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့တွင်  စွမ်းရည်ပြည့်ဝသည့် လူသား အရင်းအမြစ်များ၊ နည်းပညာများနှင့် ပေါင်းစပ်ပြီး နိုင်ငံတော်ကာကွယ်ရေး စွမ်းအားကို တည်ဆောက်လျက် ရှိကြသည်။ မျက်မှောက်ကာလတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့က နိုင်ငံတစ်နိုင်ငံကို သမားရိုးကျနည်း ဖြစ်သည့် စစ်ရေးတစ်ခုတည်းဖြင့် ကျူးကျော်သိမ်းပိုက်ခြင်း မဟုတ်တော့ဘဲ သမားရိုးကျမဟုတ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး အစရှိသည့် နည်းလမ်းများနှင့်ပါ ကျူးကျော်လာကြသည်ကို တွေ့မြင်နေရသည်။

တပ်မတော်သားများမှာ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရမည့်သူများ ဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ထမ်းဆောင်နေကြသူများ ဖြစ်ကြသည်။ နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ အနိမ့်ဆုံးအဆင့်   ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန် ဖြစ်သည်။ ယနေ့အချိန်အခါတွင် နိုင်ငံတော်၏အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားပြည်သူလူထု တို့နှင့်အတူ တပ်မတော်သားများ အနေဖြင့် ကျရာအခန်းကဏ္ဍများမှ တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အတွက်    လွတ်လပ်ပြီး တရားမျှတသော  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် နိုင်ငံတော်အတွက် အစဉ်အလာကြီးမားစွာ ရပ်တည်လျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။  ။