နို့စားနွားမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နို့စားနွားမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်   မတ်   ၂၆

နို့စားနွားမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ကျင်းပရာ  အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊    အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များ၊နို့ထွက် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းရှင်များတက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် အရည်အသွေးပြည့်မီသော နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်တွင်း၌ ပိုမိုထုတ်လုပ်နိုင်စေရန်အတွက် နို့စားနွားမွေးမြူထုတ်လုပ်ရေးတွင် ကြုံတွေ့ရလျက် ရှိသော စိန်ခေါ်မှုများအပေါ် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ၊ နို့စားနွားမွေးမြူသူများ၊ မွေးမြူထုတ်လုပ်သူလုပ်ငန်းရှင်များ၊ မွေးမြူရေးပညာရှင်များ  ဆွေးနွေးအဖြေရှာနိုင်ရန် ယနေ့ အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပခြင်းဖြစ်ကြောင်း။

မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးအရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဆိုင်ရာစီမံကိန်းကို လျာထားရန်ပုံငွေကျပ် ၃၂ ဘီလီယံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်လေးခုတို့တွင် ကနဦးခွင့်ပြုရန်ပုံငွေ ကျပ် ၂၀ ဘီလီယံဖြင့် အသားတိုးကြက်၊ ဥစားဘဲ၊ အသားတိုးဝက် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် ဘဏ္ဍာရေး ဆိုင်ရာ ကနဦးရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မျှဝေပေးခြင်းဖြင့် နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်နှင့်သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်မွေးမြူ လာစေရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း   လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။

ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင်နို့စားနွားမွေးမြူထုတ်လုပ်မှုသိသာစွာ ပြောင်းလဲ တိုးတက်လာစေရေးအတွက် အထောက်အကူဖြစ်စေမည့်ဆွေးနွေးချက်၊ သုံးသပ်အကြံပြုချက်များ  ထွက်ပေါ်လာရေးအတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီး ရှုထောင့်မျိုးစုံမှ ဝိုင်းဝန်းဆွေးနွေးသွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများက နို့စားနွားမွေးမြူရေးအတွက်အာဟာရ ပြည့်ဝသော တိရစ္ဆာန်အစာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အလမ်းများ၊ တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ရေး၊ ဒေသရာသီဥတုနှင့် လိုက်လျောညီထွေစွာ မွေးမြူနိုင်မည့် နို့စားနွား မျိုးများအသုံးပြုနိုင်ရေးဖြည့်စွက်ဆွေးနွေးမှာကြားပြီး နို့စားနွားမွေးမြူသူများ၊ နို့နှင့်နို့ထွက် ပစ္စည်းထုတ်လုပ်ရောင်းချသည့်လုပ်ငန်းရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသူ များက   မွေးမြူထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို  အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စာရင်းအချက်အလက်များအရ အမေရိကန်ဒေါ်လာ ၉၆သန်း ကျော်တန်ဖိုးရှိ   နို့နှင့်နို့ထွက်ပစ္စည်း တန်ချိန် ၅၃၀၀၀ ကျော်ကို ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းခဲ့သဖြင့် ပြည်တွင်းစားသုံးမှုဖူလုံစေရေး၊ နို့စားနွားမွေးမြူရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်း  ထုတ်လုပ်ရောင်းချသူများအပါအဝင် လုပ်ငန်းကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ယခုအလုပ်ရုံဆွေးနွေးပွဲ တွင် ဌာန၊ ပုဂ္ဂလိကနှင့် မွေးမြူရေးတောင်သူများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ကြိုးပမ်းခြင်းဖြစ်ကြောင်းသိရသည်။