လူချွန်လူကောင်းများ ဖြစ်ထွန်းပေါ်ပေါက်ရေး

 

လူချွန်လူကောင်းများ ဖြစ်ထွန်းပေါ်ပေါက်ရေး

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မတ် ၃၀ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်      နိုင်ငံတော်၏ တာဝန်များကို ဦးဆောင်လျက်ရှိရာတွင် နိုင်ငံတော်ကို ဘက်စုံထောင့်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်နေပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ အနာဂတ်ကိုပိုင်ဆိုင်ကြမည့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးလည်း ပါဝင်သည်။  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု များအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင် ရွက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် အရင်းအမြစ် များစွာရှိသည့်အနက် လူ့စွမ်းအားအရင်းအမြစ်သည် ရေရှည်သုံးစွဲနိုင်သော စွမ်းအားအရင်းအမြစ်ဖြစ်သည်။   ထိုစွမ်းအားအရင်းအမြစ် ရရှိရန်မှာ လူငယ်များအား အထူးဂရုစိုက်ပြုစု ပျိုးထောင်ပေးခြင်းဖြစ်သည်။

“ယနေ့လူငယ်  နောင်ဝယ်လူကြီး”ဆိုသည့်အတိုင်း  နောင်တစ်ချိန်တွင်  အနာဂတ်အတွက်  ပခုံးပြောင်း တာဝန်ကိုလက်ဆင့်ကမ်း ထမ်းရွက်မည့် လူကြီးများမှာ ယနေ့လူငယ်များပင်ဖြစ်သည်။ ထို့ကြောင့် လူငယ်များကို တန်ဖိုးရှိသော လူတော်လူကောင်းများဖြစ်ရန် လေ့ကျင့်ပျိုးထောင် ပေးခြင်းဖြင့် နိုင်ငံတော်၏ ကဏ္ဍရပ်တိုင်းတွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များကို သူ့နေရာနှင့်သူ အသုံးဝင်မည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူလူငယ်များကို ပြုစုပျိုးထောင်ရာတွင် ကျောင်းသင်ခန်းစာ၊ စာပေဗဟုသုတများကို ထူးချွန်အောင် လေ့ကျင့်သင်ကြား ပေးရုံသာမက ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရန်၊ ယဉ်ကျေးလိမ္မာရန်၊ စာရိတ္တကောင်းမွန်၍ အသင်းအဖွဲ့စိတ်ဓာတ်များဖြင့် ဆောင်ရွက်တတ်ရန် စသည်ဖြင့် လေ့ကျင့်ပြုစု ပေးရမည်ဖြစ်သည်။

နိုင်ငံတော် တည်ဆောက်ရေးအတွက် အဓိကလိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များကို အခြေခံပညာ လမ်းသွယ်မှလည်း မွေးထုတ်လေ့ကျင့်လျက်ရှိရာတွင် လူရည်ချွန်စီမံကိန်းလည်း ပါဝင်သည်။  အခြေခံပညာ အဆင့်တွင် လူ့စွမ်းအားအရင်းအမြစ်ကို လေ့ကျင့်ပျိုးထောင်ပေးသော လုပ်ငန်းစဉ်များအနက် ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ အကျင့်စာရိတ္တ ကောင်းမွန်သော၊ ထူးချွန်ထက်မြက်သော   ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူရည်ချွန်စီမံကိန်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၂၅)ကြိမ်မြောက် ငွေရတုကို ကျော်လွန်လာပြီဖြစ်သည်။ ယခုနှစ်စနစ်သစ် ပညာရေးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ Grade-9  မှ Grade-12  အထိ ပြန်လည်ရွေးချယ်ခဲ့သည်။

လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရာ၌ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊   ခရိုင်အဆင့်(ဗဟိုအဆင့်)များတွင် ရေးဖြေဘာသာရပ်များ အဖြစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊  အထွေထွေဗဟုသုတ တို့၏ရမှတ်များ၊ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းရမှတ်များ၊ နှုတ်ဖြေရမှတ်များ စုပေါင်း၍ စုစုပေါင်းရမှတ်အရ  စနစ်တကျမှန်ကန်စွာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လူရည်ချွန်တစ်ဦးဖြစ်ဖို့လွယ်ကူလှသည်မဟုတ်ပေ။  ယခုနှစ်လူရည်ချွန်မောင်မယ်များတွင် ယခင်နှစ်လူရည်ချွန်များ၊  ထပ်ကွမ်းများအဖြစ် ပြန်လည်ပါရှိလာသကဲ့သို့ လူရည်ချွန်အဖြစ်ထပ်မံ၍ ရွေးချယ်ခြင်းမခံရသည့် ကျောင်းသား၊ ကျောင်းသူများလည်းရှိသည်။

လူရည်ချွန်တစ်ဦးဖြစ်ရန်မှာ ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို လေ့လာမှတ်သားကြရသည်။   နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့်   မိမိကိုယ်ကို ကျန်းမာအောင်နေထိုင်ရသည်။ အားကစား မလုပ်ဆောင်ဘဲ စာကိုချည်းလေ့လာနေ၍လည်း မဖြစ်နိုင်ပေ။ အားကစားနှင့် ပညာရေးကို အချိုးကျကျဖြစ်အောင် လုပ်ဆောင်ရသည်။ လူရည်ချွန်အဖြစ် ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများကို လေ့လာကြည့်ပါကသူတို့သည်  မိဘဆရာသမားများ၏ သွန်သင်ဆုံးမမှုကို တစ်သဝေမတိမ်း လိုက်နာကြသည်။ ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့်  စာအုပ်စာစောင်များကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက်များတွင် အချိန်ပေး၍ ဖတ်ရှုကြရသည်။

ကိုယ်ကာယကြံ့ခိုင်ရေးတွင်  အိပ်ထမတင်၊ မီတာ ၁၀၀၊ မီတာ ၄၀၀၊ အလျားခုန်နှင့်ဒိုက်ထိုး  စသည့် လေ့ကျင့်ခန်းငါးမျိုးကို မှန်မှန်လေ့ကျင့်ကြရသည်။ ကျောင်းစာတွင်တော်ပြီး အားကစားတွင် ညံ့နေပါကလည်း လူရည်ချွန်အဖြစ် ရွေးချယ်ခံရမည် မဟုတ်ပေ။ ထို့အတူအားကစားတွင် ထူးချွန်ပြီး ကျောင်းစာတွင် မထူးချွန်ပါကလည်း လူရည်ချွန်တစ်ဦး ဖြစ်လာနိုင်မည်မဟုတ်ပေ။ အထူးအားဖြင့် အင်္ဂလိပ်စာကိုလည်း  သူများထက်ပိုမို တော်အောင်ကြိုးစားကြရသည်။ ကျောင်းစတင်တက်သည့်နေ့မှစ၍ ကျောင်းစာများကို    မှန်မှန်သင်ယူ မှတ်သားကြရသကဲ့သို့ ပြင်ပဗဟုသုတများ၊ အားကစားများကိုလည်း လေ့လာလိုက်စားကြရသည်။ ထို့ပြင် မိမိတို့၏ အရည်အသွေးကို အမြဲတမ်းထွန်းပြောင် နေစေရန်အတွက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ စသည့်ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်နေရမည် ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူတိုင်းကို ဆရာ၊ ဆရာမများက တစ်ပြေးညီ သင်ကြားပေးလျက်ရှိရာ မိမိတို့တစ်ဦးချင်းအနေဖြင့် ပိုမိုတိုးတက်လိုပါက ကြိုးစားကြရမည်ဖြစ်သည်။ သူများထက်ပိုမိုကြိုးစားသူသည် သူများထက်ပိုမို ထူးချွန်သူဖြစ်လာပေလိမ့်မည်။ လူရည်ချွန်တစ်ဦး ဖြစ်လာရန်အတွက် အဓိကနှင့်အခြေခံ အကျဆုံးအချက်မှာ စိတ်ကောင်းထားရှိခြင်းဖြစ်သည်။ စိတ်ဓာတ်ကောင်းခြင်းသည် လူချစ်လူခင်ပေါများ၍ အရာရာတွင် အောင်မြင်မှုကို အထောက်အကူပြုမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်  နိုင်ငံတော်အတွက်   ထူးချွန်ထက်မြက်သော လူရည်ချွန်များ ပေါ်ထွက်လာခြင်းကိုကြိုဆိုသကဲ့သို့ အခြားသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း ထူးချွန်ထက်မြက်သော လူငယ်များဖြစ်အောင် ကြိုးစားကြရန် ဖြစ်ပါကြောင်း။     ။