နည်းပညာအခြေပြု ခေတ်မီတပ်မတော်

 

နည်းပညာအခြေပြု ခေတ်မီတပ်မတော်

 

အယ်ဒီတာ့အာဘော်               

  (၂၀၂၄ ခုနှစ်၊ မတ် ၃၁ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား သို့တက်ရောက် မိန့်ခွန်းပြောကြားစဉ် “ယနေ့ကမ္ဘာပေါ်ရှိ နေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့   ပဋိပက္ခ များကိုကြည့်ရင် ယခင်က အဏုမြူလက်နက်၊ သမားရိုးကျလက်နက်များနဲ့ ခြိမ်းခြောက်တဲ့ အခြေအနေကနေ ယခုအခါမှာ နည်းပညာအသုံးပြု စစ်ပွဲသဏ္ဌာန်တွေ၊ အင်အားကြီးသူက အုပ်စုဖွဲ့ပြီး အင်အားနည်းသူအပေါ်မှာ အနိုင်ကျင့် လာကြတာတွေ၊ အင်အားနည်းတဲ့ နိုင်ငံတွေကို ကြားခံထားပြီး အဲဒီနိုင်ငံတွေရဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ထိန်းချုပ်ဖို့ကြိုးစားတာတွေ တွေ့ရမယ်။ ဒါကြောင့်နည်းပညာ အခြေပြု ခေတ်မီတပ်မတော်ဖြစ်ရေးကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကြိုးပမ်းဆောင်ရွက် သွားကြဖို့မှာကြားလိုတယ်” ဟူ၍ ထည့်သွင်းမိန့်ကြားခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်သည်။  ကာကွယ်ရေးအင်အား တောင့်တင်းနေမှသာ   မိမိတို့နိုင်ငံအပေါ် သူတစ်ပါးတို့သြဇာ လွှမ်းမိုးခံရခြင်းမှ ကင်းဝေးမည်ဖြစ်သည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့က နိုင်ငံငယ်များအပေါ် ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်လာစေရေး အတွက် နည်းလမ်းမျိုးစုံဖြင့် ကြားဝင်စွက်ဖက်မှုများ ပြုလုပ်လျက်ရှိသည်။  မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင် တည်ရှိနေသောကြောင့် ခေတ်သစ်ကိုလိုနီပြုခြင်း မခံရအောင် မြန်မာတစ်မျိုးသားလုံးက တပ်မတော်နှင့်အတူ ကာကွယ်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် သတင်း၊ နည်းပညာနှင့် ဆက်သွယ်ရေးကွန်ရက် စနစ်များလျင်မြန်စွာ ဖွံ့ဖြိုးလာခြင်းနှင့်အတူ လူမှုကွန်ရက်များကို တလွဲအသုံးချမှုများ များပြားလာလျက်ရှိသည်။ ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက လူမှုကွန်ရက်ကို အသုံးပြုပြီး တပ်မတော်ကိုနိုင်ငံရေး သိက္ခာကျစေရန်၊ ပြည်သူလူထု ယုံကြည်မှုပျက်ပြားစေရန်နှင့်  အထင်အမြင်လွဲမှားစေရန် ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် တပ်မတော်သားများ အပါအဝင် နိုင်ငံသားအားလုံး အနေဖြင့် အခြေအမြစ်မရှိသည့် ပြောဆိုရေးသားမှုများကိုအသိ၊ သတိများနှင့်ယှဉ်ပြီး စဉ်းစားဆင်ခြင်နိုင်ရန် လိုအပ်သည်။

တပ်မတော်နှင့်ပြည်သူအကြား စည်းလုံးညီညွတ်မှုခိုင်မာမှသာလျှင်  တိုင်းပြည်ကာကွယ်ရေး လုပ်ငန်းများကို စွမ်းအားပြည့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။   နိုင်ငံတော်တွင်အရေးပေါ် အခြေအနေနှင့်ကြုံတွေ့တိုင်း တပ်မတော်က နိုင်ငံတော်ကို ဦးဆောင်နိုင်ခြင်းမှာ    တပ်မတော်နှင့်ပြည်သူ စည်းလုံးညီညွတ်မှု ရှိနေခြင်းက အဓိကဖြစ်သည်။ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အတူပေါ်ပေါက်လာခြင်း ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ နိုင်ငံရေးပြဿနာများ၊ ပြည်ပကသွေးထိုး လှုံ့ဆော်မှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များ၊    လက်နက်ကိုင် ပဋိပက္ခများနှင့်ပါတီတွင်း သဘောထားကွဲလွဲမှုများကြောင့် တိုင်းပြည်စည်းလုံး ညီညွတ်မှုပျက်ပြားခဲ့ရသည်။

တပ်မတော်အနေဖြင့် ပြည်တွင်းရောင်စုံ သောင်းကျန်းသူများကို နှိမ်နင်းခဲ့ရသည့်အပြင် ရှမ်းပြည်နယ်တွင် ကူမင်တန်ကျူးကျော်မှုနှင့်  ရခိုင်ပြည်တွင်မူဂျာဟစ်များ သောင်းကျန်းမှုစသည့်    ပြည်ပကျူးကျော်မှု အန္တရာယ်များကို   စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့်ကာကွယ်ခဲ့ရသည်။  ထို့ပြင် ၁၉၆၂   ခုနှစ် ပြည်ထောင်စုပြိုကွဲမည့်အန္တရာယ်၊ ၁၉၈၈ ခုနှစ် ဆူပူမှုအရေးအခင်းတွင်   အုပ်ချုပ်ရေးယန္တရား ပျက်ပြားမှုအခြေအနေများနှင့် ၂၀၂၀ ပြည့်နှစ် နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းမှု စသည့်အန္တရာယ်ကြီးမားသည့် အရေးကိစ္စများ ကြုံတွေ့ခဲ့ရသည်။ ထိုသို့ကြုံတွေ့ခဲ့သည့် အချိန်များတွင်   တပ်မတော်သည်   နိုင်ငံတော်အတွက် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့ရသည်။

ထို့ကြောင့်   တပ်မတော်အနေဖြင့်   နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားကို  အစဉ်ရှေးရှုပြီး အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာမည့် ကိစ္စရပ်မှန်သမျှကို လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှစပြီး ယနေ့အချိန်ထိ ကာကွယ်စောင့်ရှောက် ပေးခဲ့သလို အနာဂတ်ကာလတွင်လည်း ဆက်လက်ထိန်းသိမ်း ကာကွယ်သွားမည်သာဖြစ်သည်။  မြန်မာ့နိုင်ငံရေး ဖြစ်စဉ်သမိုင်းမှာ  လွတ်လပ်ရေး မရမီကတည်းက ကြက်ဥအရောင် တိမ်တောင်သဖွယ်  မင်းရေးကျယ် ဆိုသည့်အတိုင်း ရှုပ်ထွေးမှုများရှိခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကာလများတွင် အယူဝါဒအမျိုးမျိုး၊ သဘောထားအမျိုးမျိုးကြောင့် ခိုင်မာသည့် နိုင်ငံရေးစနစ်ကို တစ်သမတ်တည်း ချမှတ်ဖော်ဆောင်နိုင်ခြင်းမရှိဘဲ စနစ်အမျိုးမျိုးကို ပြောင်းလဲ ကျင့်သုံးခဲ့ရသည်။

နိုင်ငံရေးစနစ်တည်ငြိမ်မှု မရှိခြင်းနှင့် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖွံ့ဖြိုးမှု နောက်ကျခဲ့သည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်လျှင်   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်မှာသာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်ပြီးပြည်သူလူထု၏လူမှုစီးပွား ဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် လုပ်ဆောင်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်အနေဖြင့် နည်းပညာအခြေပြုခေတ်မီ တပ်မတော်ဖြစ်ရေးကို ကြိုးပမ်းဆောင်ရွက်နေသည်မှာ   နိုင်ငံတော်၏ ကာကွယ်ရေးမောင်းနှင်အား ပိုမိုခိုင်မာစေရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။