ကုန်ထုတ်လုပ်မှုတိုးတက်ရေး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်)

ကုန်ထုတ်လုပ်မှုတိုးတက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၂၉ ရက်က ကျင်းပသည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၂/၂၀၂၄)သို့ တက်ရောက် အမှာစကားပြောကြားစဉ် “စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အခြေခံသည့်  စက်မှု ကုန်ထုတ် လုပ်ငန်းများ  (Agro Based Industry)ကို  တန်ဖိုးမြင့်ကုန်ပစ္စည်းအထိ ထုတ်လုပ် ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့် ရေခံမြေခံကောင်းများနှင့် လူသားအရင်းအမြစ် များကိုအသုံးချ၍ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများ တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေး လုပ်ငန်းများ ကိုလည်း  တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ Quick Win ဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက် လာခြင်းဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးထုတ်ကုန်များ  တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင်  စိုက်ဧကတိုးချဲ့စိုက်ပျိုးခြင်း၊ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအားတိုးချဲ့၍ အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းဟူ၍ အပိုင်း(၃)ခုရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် သီးထပ်စွမ်းအားတိုးချဲ့၍ အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ခြင်းတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၄ သန်းကျော်ရှိသည်။ မိုးစပါးတစ်ဧကအတွက် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမှာ တင်း ၁၀၀ ဖြစ်သည့်အတွက် ပန်းတိုင်ရည်မှန်းချက် အတိုင်းအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။

အခြားအဓိက စိုက်ပျိုးထုတ်ကုန်များဖြစ်သည့် ပြောင်း၊ ပဲမျိုးစုံနှင့် အခြားသီးနှံများလည်း ပန်းတိုင် အထွက်နှုန်းအတိုင်းထွက်ရှိအောင် လုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးမြင့်မားစွာ တိုးတက် လာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သည့် မြေများစွာရှိသည့်အပြင် သီးထပ်စိုက်ပျိုးနိုင်သည့်မြေနှင့် ရာသီဥတု ရှိသောနိုင်ငံဖြစ်သည်။ အဆိုပါအချက်နှစ်ချက်ကို ဆောင်ရွက်နိုင်မည်ဆိုပါက ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံ အာမခံချက်ရှိစေရေး (Food Security) ကဏ္ဍတွင် ထိုက်ထိုက်တန်တန်နေရာရရှိမည့် စိုက်ပျိုး ထုတ်လုပ်ရေး စွမ်းအားရှိသည့် နိုင်ငံ (Agriculture Power Country) အဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီ နည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံ့ စီးပွားရေးမှာ အထိုက်အလျောက် တိုးတက်လာနေပြီဖြစ်သည်။ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်အတွင်း ယေဘုယျအားဖြင့် GDP  အရတိုးတက်မှုရှိခဲ့သည်။ နိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်ခန့်မှစ၍ နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့သည်။ ယခင်က အနုတ်ပြခဲ့သည့်စီးပွားရေးမှ အပေါင်းလက္ခဏာသို့ရောက်ရှိအောင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်နိုင်ခဲ့သည်။

နိုင်ငံ့စီးပွားရေးတိုးတက်ရန်မှာ ကုန်သွယ်မှုလုပ်ငန်းမှရငွေနှင့် ကုန်သွယ်မှုမဟုတ်သော လုပ်ငန်းများမှ ရငွေဟူ၍ အပိုင်းနှစ်ပိုင်းရှိသည်။ ကုန်သွယ်မှုလုပ်ငန်းများမှရငွေ၌ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း နှင့် သယံဇာတထုတ်ကုန်များ ထုတ်လုပ်ခြင်းဟူ၍ရှိရာတွင် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးသည် အရေးကြီးသည့် ကဏ္ဍတွင် တည်ရှိနေသည်။ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုပြုလုပ်ရာတွင် မြန်မာနိုင်ငံ အနေဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ခေတ်အဆက်ဆက်တွင် ပြည်တွင်း ထုတ်ကုန်များနှင့် သယံဇာတ ပစ္စည်းများကို   ပြည်ပသို့တင်ပို့ ရောင်းချနိုင်ခဲ့သည်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများမှ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများစွာ ပြုလုပ်ခဲ့သည်။ ထိုအခက်အခဲများစွာ ကြားမှ နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်ပ ကြွေးမြီများကိုလည်း ၃ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံပြန်လည် ပေးဆပ်နိုင်ခဲ့သည်။ ပြန်ဆပ်ငွေအများစုမှာလည်း ယခင်အစိုးရ အဆက်ဆက်ချေးယူခဲ့သည့် အရင်းငွေ များဖြစ်သည်။

ကမ္ဘာပေါ်ရှိဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်။ နိုင်ငံ၏ လူဦးရေ ၇၀  ရာခိုင်နှုန်းခန့်သည်  ကျေးလက်တွင် နေထိုင်ကြသည်။ မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျေးလက်နေပြည်သူများတွင် လယ်ယာ၊ သားငါးနှင့် သစ်တောကဏ္ဍကို ဆောင်ရွက်သူများမှာ ၄၁ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရသည်။  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် သေချာသည့် ကုန်ထုတ်လုပ်ငန်း ဖြစ်သည်။ ထို့ပြင် စက္ကူထုတ်လုပ် နိုင်သည့် သစ်နှင့်ဝါးများစွာရှိသည့်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။ အနှစ်ချုပ် ဆိုရသော် ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက်ရေးကို လိုလားသော စိတ်ဖြင့်  သက်ဆိုင်သူအားလုံးက အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။       ။