အသက်ကို ဉာဏ်စောင့်ပါသည် . . .

အသက်ကို ဉာဏ်စောင့်ပါသည် . . .

မတ်လ၊ ဧပြီလနှင့်မေလတို့သည် အပူချိန်မြင့်တက်သည့်ကာလအပိုင်းအခြားဖြစ်သည်။ ယခုနှစ်တွင် အယ်နီညိုရာသီဥတုအခြေအနေကြောင့် အပူချိန်ပိုမိုမြင့်တက်မှုနှင့်ရင်ဆိုင်နေရသည်။ နိုင်ငံအချို့တွင် အပူချိန်အလွန်မြင့်တက်လာမှုကြောင့် စာသင်ကျောင်းများကို ခေတ္တရပ်နားထားရကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အယ်နီညိုနှင့်လာနီညာဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအတွင်းဖြစ်ပေါ်လေ့ရှိသည့် ရာသီဥတုအခြေအနေဖြစ်သည်။ အယ်နီညိုမှာ အလွန်ပူပြင်းသည့်ရာသီဥတုဖြစ်ပြီး လာနီညာမှာ အလွန်အေးခဲလွန်းသည့် ရာသီဥတုဖြစ်သည်။ အယ်နီညိုနှင့်ကြုံတွေ့ရပါက ကမ္ဘာတစ်ဝန်းတွင်အပူချိန်မြင့်တက်ခြင်း၊  မိုးခေါင်ရေရှားမှုဖြစ်ပွားခြင်း၊ တောမီးလောင်ခြင်းများ ဖြစ်ပေါ်တတ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းဖြတ်သန်းမှု ပိုမိုပြင်းထန်လာသလို ကာလရှည်ကြာစွာ တည်ရှိတတ်သည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း  ယခုရက်ပိုင်းကာလများအတွင်း အင်အားအသင့်အတင့်ရှိသော အယ်နီညိုဖြစ်စဉ်အခြေအနေနှင့်ပတ်သက်၍ နေ့လယ်အပူချိန် ၁ ဒသမ ၅ ဆဲလ်စီးယက်အထိ မြင့်မားလာမည်ဟု အသိပေးထားသည်။ မြန်မာတို့၏ ၁၂ လရာသီကာလအားဖြင့် ကဆုန်၊ နယုန်ဆွေ့ဆွေ့ခုန်ပူပြင်းတတ်ကြောင်း ဖော်ပြထားသည်။ နွေရာသီကာလသည် ပူပြင်းလေ့ ရှိသော်လည်း သာမန်အခြေအနေထက် ထူးခြားသည့်အပူဒဏ်ကြောင့် ဆိုးကျိုးများဖြစ်လာနိုင်သည်။ ဤသည်ကို အထူးသတိပြုကြရမည်ဖြစ်သည်။

အပူချိန်မြင့်မားလာမှုကြောင့် အပူလျှပ်ခြင်းအန္တရာယ်ကို အထူးသတိပြုသိရှိထားရန် လိုအပ်သည်။ လူတစ်ဦး၏ ခန္ဓာကိုယ်အပူချိန်မှာ ၁၀၄ ဒီဂရီဖာရင်ဟိုက်(၄၀ ဒီဂရီစင်တီဂရိတ်)နှင့်အထက်ရှိလာလျှင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသောအဆင့် ဖြစ်လာသည်။ ပြင်ပအပူချိန် မြင့်တက်လာသောအခါတွင် ပတ်ဝန်းကျင်ရှိရေနှင့် အရာဝတ္ထုများပါ ပူပြင်းလာသည်။ ထို့အတူ ခန္ဓာကိုယ်အပူချိန်ပါ မြင့်မားလာသည်။ ထို့ကြောင့် အပူချိန်မြင့်မား နေသော နေ့လယ်နေ့ခင်းအချိန်များတွင် အကာအကွယ်မပါဘဲ ပြင်ပသို့သွားလာခြင်းကို ရှောင်ရှားကြရမည်။

အရိပ်အာဝါသအောက်တွင်သာ နေထိုင်ကြရန်ဖြစ်သည်။

အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သောအန္တရာယ်များတွင် အပူလျှပ်ခြင်းမှာ အစိုးရိမ်ရဆုံးအခြေအနေဖြစ်သည်။

အပူချိန်မြင့်မားမှုကို ခံစားရသောကြောင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့်ကြွက်သားများကို ထိခိုက်ပျက်စီး စေနိုင်သည်။ အချိန်မီကုသရန် နှောင့်နှေးနေပါက ထိခိုက်ပျက်စီးနိုင်ခြေမြင့်မားပြီး အသက်အန္တရာယ်အတွက် စိုးရိမ်ဖွယ်အခြေအနေအထိ ဖြစ်နိုင်သည်။ ဤသည်ကို အထူးသတိပြုရန်လိုအပ်သည်။ ထို့ပြင် အပူနှင့်အအေး ကွာခြားချက်မြင့်မားသွားစေနိုင်သည့် အခြေအနေကိုလည်း အထူးသတိပြုကြရမည်ဖြစ်သည်။ ပူသောအခြေအနေမှအေးသော အခြေအနေသို့ ရုတ်တရက်ကူးပြောင်းခြင်း၊ အေးသောအခြေအနေမှ ပူသောအခြေအနေသို့ ရုတ်တရက်ကူးပြောင်းခြင်းများ ဖြစ်သည့်အခါ အပူလျှပ်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အသက်သေဆုံးခြင်းအထိ ဖြစ်နိုင်သည်ကိုလည်း သတိပြုကြရမည်။

ပူပြင်းသောရာသီကာလများတွင်  အသက်အရွယ်ကြီးမားသူများနှင့်ရောဂါအခံရှိသူများအနေဖြင့် အရိပ်ထဲတွင်သာ နေထိုင်သင့်လှသည်။ မြန်မာ့တိုင်းရင်းဆေးအလိုအရ ရေချိုးလျှင် နံနက်စောစောတွင်သာ ရေချိုးသင့်ပြီး နေ့လယ်ပိုင်းနှင့်ညနေပိုင်းတွင် ရေချိုးခြင်းမပြုသင့်ပါ။ ရေမချိုးမီ ရေအေးတစ်ဖန်ခွက် သောက်ပြီးမှ ရေချိုးသင့်သည်။ အရိပ်ထဲတွင်ရေချိုးရမည်။ ဦးနှောက်ထဲရှိ  အာရုံကြောစနစ်များဖြစ်ကြသည့် ခြေထောက်အောက်ပိုင်း၊  လက်ဖျားနှင့်လက်မောင်းတို့ကို  ကြိုတင်အသိပေးသည့်အနေဖြင့်  ရေဆွတ်ပေးရမည်။ ထို့နောက် မျက်နှာသစ်ရမည်။ တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့်လည်ပင်းတို့ကို ရေနှင့်ပက်ပေးပြီး ရေလောင်းချိုးရမည်။ ရေချိုးပြီးခါစဖြစ်သော်လည်း ဤရာသီတွင် ချွေးထွက်တတ်သည်။ ရေချိုးပြီးခါစ ပန်ကာလေမခံသင့်ပါ။

ရေချိုးပြီးနောက် ရေကိုခြောက်အောင်သုတ်ပါ။ အထူးသတိပြုရန်မှာ မည်သည့်ရာသီဥတုတွင်မဆို အလွန်အေးသောရေနှင့်အလွန်ပူသောရေကိုမချိုးသင့်ပါ။

လူတိုင်းအနာရောဂါကင်းဝေးပြီး သက်တမ်းစေ့နေထိုင်နိုင်ရန်မှာ ရေချိုးရာတွင် စနစ်တကျ ဖြစ်စေရန် လိုအပ်သည်။ ထို့ကြောင့်လည်း အသိပညာရှင်၊ အတတ်ပညာရှင်များက မှန်ကန်သော ရေချိုးနည်းစနစ်ကို ရေးသားဖော်ပြကြသည်။ ပထမအဆင့်တွင် ဒူးဆစ်အောက်ပိုင်းခြေထောက်မှစ၍ ရေလောင်းချိုးခြင်း၊ ဒုတိယအဆင့်တွင် ခါး၊ ပေါင်စသည်တို့မှစ၍ ရေလောင်းချိုးခြင်း၊ တတိယအဆင့်တွင်ကျောပြင်မှစ၍ ရေလောင်းချိုးခြင်း၊ စတုတ္ထအဆင့်တွင် တစ်ကိုယ်လုံးရေလောင်းချိုးခြင်းတို့အဆင့်ဆင့်ပြုလုပ်ရမည်ဖြစ်သည်။ အနောက်တိုင်းဆေးပညာအရ ပြင်းထန်သောအပူချိန်ကြောင့် ရေနှင့်မထိတွေ့ရဘဲ သတိမေ့မြောခြင်း၊ စကားမေးမရခြင်း၊ အဖျားကြီးခြင်းနှင့် အပူဒဏ်ကိုကာကွယ်ရင်း အအေး သို့မဟုတ် ရေအေးနှင့် ရုတ်တရက် ထိတွေ့ပြီး အသက်ဆုံးရှုံးခြင်း ဖြစ်တတ်သည်ကိုလည်း သတိပြုရမည်ဖြစ်သည်။

နွေရာသီတွင်ထူထဲသော အဝတ်အစားများကို ရှောင်ရှားပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်သင့်သည်။ အပူဒဏ်အန္တရာယ်သည် လူတို့၏ ကျန်းမာရေးကို ထိခိုက်နိုင်သည့်အပြင် အသက်အန္တရာယ်ပါ ဖြစ်နိုင်သဖြင့် မမေ့မလျော့မပေါ့ မဆသောသတိဖြင့်  နေထိုင်သွားလာကြရန် လိုအပ်လှသည်။  အနှစ်ချုပ်ဆိုရသော် အသက်ကိုဉာဏ်စောင့်သည်ဟု ဆိုထားသည့်အတိုင်း စဉ်းစားဆင်ခြင် တွေးခေါ်မှုဖြင့် နေထိုင်သွားလာကြကာ အပူဒဏ်အန္တရာယ် ကာကွယ်ကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။