မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ

 

မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဧပြီ ၉ ရက်)

ပြည်ထောင်စုအစိုးရက အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံးပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ်သတ်မှတ်သည့် အမိန့်ကို အမိန့်ကြော်ငြာစာ အမှတ်(၃၁/၂၀၂၄)ဖြင့် လည်းကောင်း၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်ကို အမိန့်အမှတ်(၃၂/၂၀၂၄)ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ အခွင့်အာဏာအပ်နှင်းသည့် အမိန့်ကို အမိန့်ကြော်ငြာစာအမှတ်(၃၃/၂၀၂၄)ဖြင့် လည်းကောင်း ထုတ်ပြန်ခဲ့သည်။ အမိန့်အရ အမိန့်ထုတ်ပြန်သည့် မတ်လ ၁၃ ရက်မှစတင်ပြီး တစ်လပြည့်မြောက်သည့်အချိန်တွင်စတင်အာဏာ သက်ဝင်မည်ဖြစ်သည်။ အမိန့်ကိုလိုက်နာမှု မရှိသည့်လုပ်ငန်းများကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူ ဆောင်ရွက်မည်ဖြစ်သည်။

ထုတ်ပြန်သည့်အမိန့်အရ လုပ်ငန်းအမျိုးအစား သုံးမျိုးရှိသည်။ ယင်းတို့မှာ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်ခြင်း၊ ရုပ်ရှင်ဆိုင်ရာအက်ပလီကေးရှင်းလွှင့်တင်ခြင်းနှင့် ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းတို့ ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လိုအပ်သည့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်ထုတ်ပြန်မှုများမှာ အားလုံးအတွက် လိုအပ်ချက်များကို ထိန်းသိမ်းရန်ဖြစ်သည်။ ထုတ်ပြန်သည့် အချက်များသည် အဆိုပါလုပ်ငန်းများနှင့် ဆက်နွှယ်လျက်ရှိသည့် လုပ်ဖော်ကိုင်ဖက်များကို ကာကွယ်စောင့်ရှောက်ရန် ထုတ်ပြန်ခြင်းသာဖြစ်ပြီး ချုပ်ကိုင်ရန်အတွက် မဟုတ်ပေ။ မိမိတို့လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်သူများအတွက် ဥပဒေနှင့်အညီ အကာအကွယ်ပေးခြင်းလည်း ဖြစ်သည်။

ယနေ့ခေတ်တွင်  ရုပ်ရှင်ကားများကို  ရုပ်ရှင်ရုံများအပြင် ဆိုရှယ်မီဒီယာ(အွန်လိုင်း)မှ တစ်ဆင့် Application များ၊ Facebook ၊ Youtube ၊ Viber ၊ Telegram များမှ Account ၊ Page ၊ Group Website များတည်ထောင်ပြီး ထုတ်လွှင့်ပြသလျက်ရှိသည်။ အွန်လိုင်းမှ ပြသနေသည့်ရုပ်ရှင်ကားများသည် ရုံတင်ရုပ်ရှင်ကားများကဲ့သို့ ဆင်ဆာအဖွဲ့ကိုတင်ပြီး ခွင့်ပြုချက်ရမှပြသည့် ကားများမဟုတ်သည့်အတွက် နိုင်ငံတော်၏ မူဝါဒများ၊ ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိခိုက်စော်ကားမှုများ၊ ရက်စက်ကြမ်းကြုတ်မှုများမှာ မောင်နှင့်နှမ၊ သားနှင့်အမိ ကြည့်ရှုရန်မလျော်ညီသည့် အပြောအပြများ၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့်တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသည့် အပြောအပြများ ပါဝင်လျက်ရှိသည်။ အဆိုပါအရာများကို ဗန်းပြပြီး အွန်လိုင်းလောင်း ကစားဝိုင်းဒိုင် တည်ထောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှု ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသည်ကိုလည်း တွေ့မြင်နေရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ လုပ်ဆောင်နေခြင်းများမှာ လူငယ်များအတွက် မလိုလားအပ်သည့် အဆိပ်အတောက်များ၊ အဖျက်အမှောင့်များ ဖြစ်သည်။ လူငယ်လူရွယ်များ၏ တွေးခေါ်မြော်မြင်မှုများ၊ ခံစားနားလည်မှုနှင့် လုပ်ဆောင်မှုများကို လွဲမှားလာစေနိုင်သည်။ ထို့အတူ နိုင်ငံတော်အနေဖြင့် တရားဝင်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးထားခြင်း မရှိသေးသည့်အတွက် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွင့်အရေးများလည်း ဆုံးရှုံးလျက်ရှိသည်။

ယခုအခါ ခေတ်နှင့်လျော်ညီသည့် မြန်မာ့ရုပ်ရှင်ဥပဒေသစ် ညှိနှိုင်းရေးဆွဲနေသည့် အချိန်ကာလဖြစ်ပေရာ ဥပဒေသစ်မပေါ်ပေါက်မီ စပ်ကြားတွင် တိုးတက်ခေတ်မီသည့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုရုပ်ရှင် ထုတ်လုပ်ပြသမှု လုပ်ငန်းများနှင့်ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ စနစ်တကျရှိစေရန်၊ ရသင့်ရထိုက်သည့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်မြန်မာ့ဓလေ့ ထုံးတမ်းများကို ပျက်ပြားစေနိုင်သည့် ရုပ်ရှင်ကား ထုတ်လုပ်ပြသမှုများကို တားမြစ်ပိတ်ပင်နိုင်စေရန်နှင့် ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ကားများသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကို အထောက်အကူဖြစ်စေပြီး  မြန်မာ့ရုပ်ရှင်အဆင့်အတန်း တိုးတက်စေရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ယခုအမိန့်ကို ထုတ်ပြန်ခဲ့သည့်အတွက် စနစ်တကျလုပ်ငန်း လုပ်ကိုင်သူများအတွက်လည်း ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။ ယနေ့ခေတ်တွင် ရုံတင်ကြည့်ရှုသူများသာ မြင်ရကြားရသည်မဟုတ်ဘဲ နည်းပညာ တိုးတက်လာမှုအရ ကမ္ဘာတစ်ဝန်းရှိသူများ အားလုံး ကြည့်ရှုနိုင်သည့်အတွက် စိစစ်ပြီး ရုပ်ရှင်ကားများကိုသာ ထုတ်လွှင့်ပြသခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ကို ထိခိုက်ခြင်း မရှိစေသော ရုပ်ရှင်ကားများကို ပြသနိုင်မည်ဖြစ်ပေရာ မိမိတို့လူမျိုး၏တန်ဖိုးကို ကမ္ဘာကသိအောင် ပြသနိုင်ကြမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ထုတ်ပြန်ထားသော အမိန့်များအား သက်ဆိုင်သူအားလုံးက လိုက်နာခြင်း၊ လိုက်နာရန် ပျက်ကွက်သူများအား ထိရောက်စွာ အရေးယူခြင်းဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့ စရိုက်မှန်များကို ကမ္ဘာက သိမြင်နိုင်မည်ဖြစ်ပါကြောင်း။     ။