နိုင်ငံတော် ကာကွယ်ရေးတာဝန်

 

နိုင်ငံတော် ကာကွယ်ရေးတာဝန်

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက်)

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေး မောင်းနှင်အားနှင့် ကာကွယ်ရေး မောင်းနှင်အားဟူသော မောင်းနှင်အားသုံးရပ်  အားကောင်းနေရန် လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် စီးပွားရေးမောင်းနှင်အား တောင့်တင်းစေရေးအတွက် ပြည်တွင်းထုတ်ကုန်များကို အရည်အသွေး မြင့်မားစွာထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ထို့အတူ ကာကွယ်ရေး မောင်းနှင်အား ပြည့်ဝစေရေးအတွက်လည်း အရွယ်ရောက်သူ လူငယ်မောင်မယ်တိုင်း စစ်မှုထမ်းကြရန် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတိုင်းအတွက် အဓိကအရေးပါသည်မှာ ကာကွယ်ရေး မောင်းနှင်အားဖြစ်သည်။ ကာကွယ်ရေး မောင်းနှင်အား ခိုင်မာတောင့်တင်းနေမှသာ အခြားသော ဖွံ့ဖြိုးတိုးတက်ရေးများကို အောင်မြင်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။

တပ်မတော်သည် လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ လွတ်လပ်ရေးရရှိအောင် ဦးဆောင်ကြိုးပမ်းခဲ့ရသလို ရရှိပြီးသား လွတ်လပ်ရေးကိုလည်း တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ ထိုသို့ကာကွယ် စောင့်ရှောက်သော တပ်မတော်သားများမှာ မိမိတို့၏ သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းကြသူများ ဖြစ်သည်။ တပ်မတော်တစ်ရပ် ခိုင်ခိုင်မာမာ ရှိနေ၍လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး မပြိုမကွဲ တည်ရှိနေခြင်းဖြစ်သည်။ တပ်မတော်တစ်ရပ် ခိုင်ခိုင်မာမာရှိနေစေရေးမှာ မျိုးဆက်သစ် အဆက်ဆက်က ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည်။ ထိုတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် အခြေအနေတစ်ရပ်ကို ဖန်တီးပေးရမည်ဖြစ်သည်။ ထိုအခြေအနေမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုသည်မှာ ၁၉၅၉ ခုနှစ်ကတည်းက ရှိခဲ့ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် စတင်အာဏာသက်ဝင်ခဲ့သည့် ဥပဒေဖြစ်သည်။ ၁၉၅၉ ခုနှစ်ဥပဒေမှာ သတ်မှတ်ထားသည့် အသက်အရွယ်ရှိသူ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော်လည်း ဆရာဝန်များအတွက်သာ  အဓိကအသုံးချခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့်  ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ  စစ်ပညာ သင်ကြားရေးနှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းခြင်းဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် အဆိုပါဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာ သက်ဝင်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံသားတိုင်းသည် မိမိနိုင်ငံ၊ မိမိလူမျိုးကို ကာကွယ်စောင့်ရှောက်ရမည်မှာ မွေးရာပါ တာဝန်ဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း ပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်”ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်”ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူ အဆက်ဆက်တို့သည် မည်သူတစ်ဦးတစ်ယောက်၏ အတင်းအကျပ် တိုက်တွန်းမှုမပါဘဲ တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်သော်လည်း အနာဂတ်မျိုးဆက်များအတွက် မိမိနိုင်ငံကို မိမိတို့ကာကွယ်ရန် တာဝန်ရှိသည်ဟူသော အသိအမြင်ကို သိစေ၊မြင်စေချင်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံတော်၏ ကာကွယ်ရေး မောင်းနှင်အားတို့ စဉ်ဆက်မပြတ် အင်အားတောင့်တင်းစေချင်သည်။

ဤဥပဒေထုတ်ပြန်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပျက်စီးရေးကို ဦးတည် လုပ်ဆောင်နေသည့်နိုင်ငံများ၊ ပြည်ပတွင်နေထိုင်သူများ၊ တရားမဝင် မီဒီယာများက မြန်မာတို့၏ ကာကွယ်ရေးအင်အား တောင့်တင်းသွားမည်ကို လွန်စွာစိုးရိမ်သည့်အတွက် သတင်းအမှားများ၊ ကောလာဟလများ၊ လုပ်ကြံသည့်ဖြစ်ရပ်များဖြင့် ပြည်သူလူထုကို တွေဝေအောင်၊  လူငယ်များကိုလမ်းမှားရောက်အောင် လုပ်ဆောင်လျက်ရှိသည်။ မည်သို့သောအနှောင့်အယှက်တို့ ရှိနေပါစေ၊ နိုင်ငံနှင့်လူမျိုးကို ချစ်သောလူငယ်များ များစွာရှိနေသည်။ နိုင်ငံတော် ကာကွယ်ရေးအတွက် ကိုယ်တိုင်ဆန္ဒပြုသူ လူငယ်အရေအတွက် များနေ၍ ဦးစားပေးအလိုက် ရွေးချယ်ခဲ့ရကြောင်းကိုလည်း မတ်လ ၂၉ ရက်နေ့ည ရုပ်မြင်သံကြားတွင် တွေ့မြင်လိုက်ရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ မိမိသဘောဆန္ဒအရ စစ်မှုထမ်းဆောင်မည့်သူများအား လှိုက်လှဲစွာကြိုဆိုကြောင်း သတင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ စကားသံများ၊ စစ်မှုထမ်းမည့် လူငယ်များ၏ စကားသံများကို ကြားသိမြင်တွေ့ကြရပြီးဖြစ်သည်။ အလားတူ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မိမိသဘောဆန္ဒအရ စစ်မှုထမ်းဆောင်မည့်သူများ များစွာရှိနေသည်။  ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွင် တက်ရောက်ရန် မိမိသဘော ဆန္ဒအလျောက် စာရင်းပေးသွင်းလာကြသူများအနက် အရည်အချင်း ကိုက်ညီသူများအား ဧပြီလ ၈ ရက်တွင် တိုင်းစစ်ဌာနချုပ်များ အလိုက် နယ်မြေခံ သင်တန်းကျောင်းများတွင် သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်မည့် လူငယ်များကို ကြိုဆိုဂုဏ်ပြုပါကြောင်း  ရေးသား လိုက်ရပေသည်။   ။