ကောင်းမွန်သည်ထက်ကောင်းမွန်အောင်

 

ကောင်းမွန်သည်ထက်ကောင်းမွန်အောင်

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဧပြီ ၁၉ ရက်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း နှစ်သစ်မင်္ဂလာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်သို့ ကူးပြောင်း ရောက်လာပြီဖြစ်ပါ၍ နှစ်ဟောင်းမှ မကောင်းသောဘေးဒုက္ခ အပေါင်းကင်းဝေးပြီး ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှသော နှစ်သစ်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါသည်။ နှစ်သစ်သို့ကူးပြောင်း ရောက်ရှိလေတိုင်း နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်များက လည်းကောင်း၊ နိုင်ငံတော်အကြီးအကဲနှင့်အစိုးရအဖွဲ့ဝင်များက လည်းကောင်း၊ အခြားသောပုဂ္ဂိုလ်များက လည်းကောင်း နှစ်သစ်ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားလေ့ ရှိသည်။

မေတ္တာတရားရှေ့ထား၍ နိုင်ငံတော်ကြီး သာယာအေးမြပါစေကြောင်း၊ ပြည်သူများ အနာရောဂါဘေးရန် ကင်းကွာ၍ ဘာသာသာသနာ အကျိုးသယ်ပိုး ဆောင်ရွက်အောင်မြင်ပါစေကြောင်း၊ ထာဝရငြိမ်းချမ်းပါစေကြောင်းစသည်ဖြင့် ဆုတောင်းစကားများမှာ တန်ဖိုးကြီးမားလှသည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ အပေါင်းသည် အဖျက်အမှောင့် အနှောင့်အယှက်ကင်းစွာ မိမိတို့၏ဘဝကို ရှင်သန်ရပ်တည်နေလိုကြသည်။

အလုပ်အကိုင်အခွင့်အလမ်း ပေါများ၍  မိသားစုဘဝ အဆင်ပြေပြေ နေလိုကြသူများ ဖြစ်ကြသည်။ မိမိတို့ ကိုးကွယ်ကြသော ဘာသာတရားအလိုက် လှူချင်တန်းချင်ကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဟူသော အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ခုကို ချမှတ်ဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိသလို စစ်မှန်စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဟူသော နိုင်ငံရေး လုပ်ငန်းစဉ်တို့ကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။

တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း ပြည်သူတစ်ရပ်လုံးက ညီညီညွတ်ညွတ်ရှိနေမည်ဆိုပါလျှင် ၁၃၈၆ ခုနှစ်သည် ပျော်စရာကောင်းသော နှစ်သစ်ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားများသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် အတူတကွ အေးအတူပူအမျှ နေထိုင်လျက်ရှိသည့်နိုင်ငံဖြစ်သည်။ မြေပေါ်မြေအောက် သယံဇာတများ များစွာရှိပြီး စက်မှုလုပ်ငန်းနှင့် ဆက်စပ်နေသည့် တွင်းထွက်ပစ္စည်းများလည်း နေရာအနှံ့တွင် ရှိနေသည်။

စိုက်ပျိုးမြေများလည်း များစွာရှိသကဲ့သို့ သင့်တင့်မျှတသော ရာသီဥတုလည်းရှိနေသည်။ သဘာဝသယံဇာတ ပေါကြွယ်သလို လူသားအရင်းအမြစ်များ ပေါ<ကယ်ရန်လည်း လိုအပ်သည်။

သဘာဝသယံဇာတများ ပေါကြွယ်ဝသကဲ့သို့ လူသားအရင်းအမြစ်များလည်း ရှင်သန်ဖွံ့ဖြိုးနေရန်  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လူငယ်တိုင်းက မိမိနိုင်ငံ၊ မိမိလူမျိုးတို့ကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်အစဉ် ကိန်းအောင်းနေရမည်ဖြစ်သည်။  လူငယ်များအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလတည်းဟူသော ဗလငါးတန် ပြည့်ဝနေရမည်ဖြစ်သည်။  ပြည့်ဝအောင်လည်း ဖြည့်ဆည်းနေကြရမည်ဖြစ်သည်။  လူငယ်များအတွက်  ပျော်ရွှင်ရမည့်အချိန်တွင် ပျော်ရွှင်နေကြရမည့် မဟာသင်္ကြန်ပွဲတော်ကို အနှစ်သာရပြည့်ဝ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ပြီးဖြစ်၍ ယခုအခါ နှစ်ဟောင်းလွန်မြောက်၍ နှစ်သစ်သို့ ကူးပြောင်း ရောက်ရှိလာပြီဖြစ်သည်။ နှစ်သစ်တွင်  လူငယ်တိုင်းသည်    မိမိတို့ဘဝ တိုးတက်ရေးအတွက် ရည်မှန်းချက်ထားကာ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့်ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်သည်။

နှစ်သစ်သို့ရောက်ရှိတိုင်း သက်ဆိုင်ရာ အသီးသီးမှ ဆုတောင်းမေတ္တာ ပို့သပေးလျက်ရှိသလို လူတိုင်းကလည်း ထိုပို့သသော မေတ္တာကိုရရှိ ခံစားနိုင်ကြရန် လိုအပ်သည်။ ကျန်းမာပါစေ၊ ချမ်းသာပါစေ ဆိုသည့်အတိုင်း ကျန်းမာအောင် နေထိုင်ကြရမည်ဖြစ်သလို ချမ်းသာအောင်လည်း နေထိုင်ကြရမည်ဖြစ်သည်။ အာရောဂျံ ပရမံ လာဘံဆိုသည့်အတိုင်း မိမိကျန်းမာရေးကို မိမိတို့ကိုယ်တိုင် ဂရုစိုက်ကြရမည်ဖြစ်သည်။ ကျန်းမာအောင် နေထိုင်မှ ကိုယ်ခန္ဓာသန်စွမ်းကာ စိတ်ချမ်းသာမှုရှိမည်ဖြစ်သည်။ ချမ်းသာခြင်းဆိုရာဝယ် ငွေကြေးချမ်းသာခြင်းထက် စိတ်ချမ်းသာခြင်းကို အဓိကဆိုလိုချင်သည်။ ငွေကြေးချမ်းသာခြင်း ဆိုရာတွင်လည်း သမ္မာအာဇီဝ ကောင်းမွန်စွာ အသက်မွေးစီးပွား ရှာဖွေခြင်းပြုမှသာ ချမ်းသာမှုဖြစ်လာပေမည်။

ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန်အတွက် မိမိတို့လူမှု ပတ်ဝန်းကျင်တွင် တည်ငြိမ်အေးချမ်းနေရန် လိုအပ်သည်။ တည်ငြိမ်အေးချမ်းမှလည်း နိုင်ငံတော် တိုးတက်အောင်၊ ပြည်သူလူထု၏ စားဝတ်နေရေး၊လူမှုရေးအဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းနေသည့် အခြေအနေကောင်းများကို နှောင့်ယှက်ဖျက်ဆီး သူများအား ပြတ်ပြတ်သားသား ဆန့်ကျင်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်ခု၏ ကောင်းကျိုးချမ်းသာကို ယင်းနိုင်ငံအတွင်းမှ တိုင်းရင်းသားပြည်သူများ အင်အားဖြင့်သာ ဆောင်ကြဉ်းနိုင်မည်ဖြစ်သည်။ အမျိုးသားရေး အကျိုးစီးပွား သက်သက်ကို သန့်ရှင်းဖြူစင်စွာ လုပ်ဆောင်ကြိုးပမ်းမှုများနှင့် တိုင်းကျိုးပြည်ကျိုး ကြိုးပမ်းချက်များတွင် မိမိတို့ကိုယ်စီကိုယ်စီကလည်း တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူတိုင်းသည်  မိမိတို့နေထိုင်သည့်  တိုက်တာအိမ်ရာများကို ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ဆောင်ရွက်သကဲ့သို့   မိမိတို့ပိုင်ဆိုင်ထားသည့်   ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ကောင်းမွန်သည်ထက် ကောင်းမွန်အောင်လည်း ဝိုင်းဝန်းကြိုးစားကြရမည်မှာ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။      ။