အမျိုးသားနေ့ မမေ့အခါခါ နှစ်တစ်ရာတိုင်ခဲ့ပြီ

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် မြန်မာတစ်မျိုးသားလုံး၏ နှစ် ၁၀၀ ပြည့်အမျိုးသားနေ့ဖြစ်သည်။ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ပြန်ပြောင်းတွေးကြည့်လျှင် ကိုလိုနီခေတ် ၁၉၀၆ ခုနှစ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးပေါ်ပေါက်လာပြီးမကြာမီ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုသမိုင်းတွင်မည့် ပထမကျောင်းသား သပိတ်ပေါ်ပေါက်လာသည်။ အင်္ဂလိပ်တို့သည် ၁၈၆၆ ခုနှစ်တွင် ပညာရေးဌာနကိုဖွင့်လှစ်ပြီး ပညာသင်ကြားရေးလုပ်ငန်းများကို စတင်ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ကိုလိုနီပညာရေး၏ဦးတည်ချက်မှာ ကုန်ထုတ်လုပ်မှုတိုးတက်စေရန်မဟုတ်ဘဲ ဗျူရိုကရေစီအုပ်ချုပ်ရေး ယန္တရားတွင် အကျိုးပြုအမှုထမ်းတတ်မည့် အင်္ဂလိပ်စာပေနှင့် အနောက်တိုင်းယဉ်ကျေးမှုတို့ကို အထင်ကြီးသော ခေတ်ပညာတတ်လူတန်းစားတစ်ရပ် မွေးထုတ်ရန်ပင် ဖြစ်ပေသည်။

အင်္ဂလိပ်တို့သည် ၁၈၇၈ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်လက်အောက်ခံ ရန်ကုန်ကောလိပ်ကိုဖွင့်၍ ကောလိပ်ပညာရေးကို သင်ကြားပေးသည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟူ၍မရှိသေးပါ။ တက္ကသိုလ်တစ်ခု သီးခြားရှိသင့်သည်ဟု ၁၉၀၀ ပြည့်နှစ်မတိုင်မီကတည်းက မြန်မာတို့ကတောင်းဆိုကြသည်။ အင်္ဂလိပ်တို့က လက်မခံခဲ့ပါ။ ၁၉၂၀ ပြည့်နှစ်သို့ရောက်မှ အင်္ဂလိပ်တို့သည် တက္ကသိုလ်အက်ဥပဒေကြမ်းတစ်ခု ရေးဆွဲပြီး သြဂုတ်လတွင်ကျင်းပသော ဥပဒေပြုကောင်စီသို့ တင်ပြဆွေးနွေးခဲ့သည်။ ထိုဥပဒေကြမ်းအရ  မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခုတည်းသာရှိရမည်။ ထိုတက္ကသိုလ် လက်အောက်တွင်လည်း ကောလိပ်ကျောင်းတစ်ကျောင်းသာရှိရမည်။ ထိုတစ်ကျောင်းတည်းသော ကောလိပ်သည်လည်း ရန်ကုန်မြို့၌သာ ရှိရမည်။

သင်ကြားလိုသူများသည် ကျောင်းအိပ်၊ ကျောင်းစားများသာဖြစ်ရမည်။ ထိုဥပဒေကို မြန်မာများက ကန့်ကွက်ကြသည်။ သတင်းစာများကလည်း ကန့်ကွက်ရေးသားကြသည်။

ထိုဥပဒေကို အားလုံးက ကန့်ကွက်နေသည့်ကြားမှ ဥပဒေပြုကောင်စီက အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် တက္ကသိုလ်အက်ဥပဒေ အတည်ဖြစ်ပြီး ဒုတိယဘုရင်ခံ ကရက်ဒေါက်သည် ဥပဒေအရ တက္ကသိုလ်၏ အဓိပတိဖြစ်လာသည်။ ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်ရန် ကြေညာခဲ့သည်။ ရန်ကုန်ကောလိပ်မှ ကိုဘရှင်၊ ကိုဖိုးကွန်း၊ ကိုဘဦး စသောကျောင်းသားကြီး ၁၁ ဦးတို့သည် ဒီဇင်ဘာ ၃ ရက်တွင် ရွှေတိဂုံကုန်းတော်ပေါ်၌ လျှို့ဝှက်စွာ စည်းဝေးတိုင်ပင်ကြပြီး သပိတ်မှောက်ရန်နှင့် ဒီဇင်ဘာ ၄ ရက်တွင် ကောလိပ်ကျောင်းသားများ အစည်းအဝေး ခေါ်ယူ၍ အကျိုးအကြောင်း တင်ပြရန် ဆုံးဖြတ်ကြသည်။

ဒီဇင်ဘာ ၄ ရက်တွင် ဗဟန်းရွှေကျင်ကျောင်းတိုက် ဦးအရိယကျောင်းသို့ ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်တို့မှ ကျောင်းသား ၆၀၀ ခန့် စုဝေးရောက်ရှိလာကြပြီး သပိတ်မှောက်မည့် ကိစ္စဆွေးနွေးကြသည်။ ဒီဇင်ဘာ ၇ ရက်တွင် စတင်သပိတ်မှောက်ရန်သတ်မှတ်ထားသော်လည်း ဒီဇင်ဘာ ၅ ရက်တွင် ကျောင်းသားများကို ကျောင်းအုပ်ဆရာကြီးက ဆုံးမစကား ပြောကြားလိမ့်မည် ဟူသော သတင်းကြောင့် ဒီဇင်ဘာ  ၅ ရက်မှာ စတင်သပိတ်မှောက်ခဲ့ကြသည်။ ဤသို့ဖြင့် ပထမကျောင်းသား သပိတ်သည် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

၁၉၂၁ ခုနှစ် အောက်တိုဘာလတွင် မန္တလေးမြို့၌ကျင်းပသော နဝမအကြိမ်မြောက် ကွန်ဖရင့်ကြီးက အမျိုးသားနေ့ သတ်မှတ်ရေးကို ဆွေးနွေးခဲ့ကြသည်။ တချို့က  ဦးဥတ္တမထောင်ကျသောနေ့၊ တချို့က သီပေါမင်းနန်းကျသောနေ့ စသည်ဖြင့် အမျိုးမျိုး အကြံပေးကြသည်။ နောက်ဆုံးတွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားများက စတင်သပိတ်မှောက်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် ရွေးချယ် သတ်မှတ်ပေးခဲ့သည်။ ထိုကျောင်းသားများ သပိတ်မှောက်ထွက်လာသော နေ့သာလျှင် ထူးမြတ်မင်္ဂလာရှိသည်။ အောင်ပွဲနေ့အတွက် အသင့်လျော်ဆုံးနေ့ ဖြစ်သည်ဟု ဆုံးဖြတ်ကြလေသည်။

နိုးကြားလာသောအမျိုးသားစိတ်ဓာတ်ကြောင့်  ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်တို့ ပေါ်ပေါက်လာကာ  မြန်မာနိုင်ငံသည်  လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာခဲ့သည်။ အမျိုးသားနေ့ရောက်တိုင်း ရှေးကဘိုးဘွားမြန်မာများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့ကြရမည်။ နှစ်ပေါင်း ၁၀၀ ပြည့်ပြီဖြစ်သော  အမျိုးသားနေ့ကို ဂုဏ်ပြုရင်း ဇာတိသွေး၊ ဇာတိမာန်ထက်သန်သော မြန်မာများ ဖြစ်ကြစေရန် ရည်သန်ရေးသား လိုက်ရပေသတည်း။   ။