သစ်တောများနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးပွားရေး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃ ရက်)

သစ်တောများနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးပွားရေး

မြန်မာနိုင်ငံသည် သစ်တောသယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တော သယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ(၂၀၂၀)အရ သိရှိရသည်။ နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့အထိ သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်ထားပြီး ဖြစ်သည်။ ရေရှည်မျှော်မှန်းချက် ပြည့်မီနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

သစ်တောများတည်ရှိရှင်သန်နေခြင်းသည်  “အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏အကျိုး စီးပွားနှင့် အနာဂတ်၏ဖွံ့ဖြိုးမှု” ဟုဆိုထားသည်။  ထိုသို့ဆိုထားသည့်အတိုင်း  သစ်တောများသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော အခန်း ကဏ္ဍမှပါဝင်လျက်ရှိသည်။ သစ်တောများ ထာဝစဉ်တည်တံ့နေစေရေးအတွက် စနစ်တကျစီမံအုပ်ချုပ် ခြင်းသည် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ လူသားတို့အနေဖြင့် မိမိတို့ဘိုးဘွားလက်ထက်က ရရှိထားသောအမွေကို ဆက်လက် တိုးပွားအောင်လုပ်ဆောင် နေရသကဲ့သို့ နိုင်ငံအတွက်အမွေဖြစ်သော သစ်တောများကို တိုးပွားအောင် ဆက်လက်လုပ်ဆောင်ကြရမည် ဖြစ်သည်။ သစ်တောများသည်လူသားတို့ကို ကောင်းကျိုးပြုနေသည့် အရာဝတ္ထုများဖြစ်သည်။

လူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့်  စား၊ ဝတ်၊ နေရေးကို သစ်ပင်သစ်တောများက ဖြည့်ဆည်း ပေးလျက်ရှိသည်။ သစ်ပင်သစ်တောများမှ သစ်တောထွက်ပစ္စည်းများအပြင် ပတ်ဝန်းကျင်ဆိုင်ရာအကျိုး ကျေးဇူးများကို အထောက်အပံ့ပြုသည်။ လက်ရှိအခြေအနေတွင် ကမ္ဘာ့ရာသီဥတုသည် ပူပြင်းနေသည့် အတွက် အပူဒဏ်သက်သာစေရန် သစ်ပင်အရိပ်များကို မှီခိုကြရသည်။ သစ်ပင်သစ်တောများရှိနေသည့် အတွက် လေကောင်းလေသန့်များ ရရှိစေသည်။ ရာသီဥတုအေးမြ၍ အပူဒဏ်မှ သက်သာစေသည်။ သစ်ပင် သစ်တောများရှိနေခြင်းကြောင့် ရေကောင်းရေသန့်များရရှိစေခြင်း၊ ရေလှည့်ပတ်မှု စနစ်မှန်ကန် စေရန် ထိန်းသိမ်းပေးခြင်း၊ ရေအရင်းအမြစ်များထိန်းသိမ်းပေးခြင်း၊ သဘာဝစမ်းရေထွက်များ ဖြစ်ပေါ် စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီလွှာထိန်းသိမ်းပေးခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။

ထို့ပြင် သစ်ပင်သစ်တောများရှိသည့်အတွက် ရာသီဥတုကောင်းမွန်မျှတပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများစသည့် ဆက်စပ်လုပ်ငန်း ကဏ္ဍအသီးသီး တိုးတက်လာကာ နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက်တွဲအကျိုးဆက်များကို ဖြေရှင်းနိုင်ရေးတွင် သစ်တောများ၏ အရေးပါမှုကို “ဥတုရာသီ၊ တောကိုမှီ၏” ဟူ၍ဆိုထားသည်။ မြန်မာနိုင်ငံ၏ အဖိုးတန်သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် မြန်မာ့သစ်တောမူဝါဒနှင့်အညီ သစ်တောများကို စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင် စသည့် အမြင်မျိုးစုံ၊ ရှုထောင့်မျိုးစုံဖြင့်ရှုမြင်ပြီး ခေတ်နှင့်အညီ ဖွံ့ဖြိုးလာသောနည်းပညာများ၊ တီထွင် ဆန်းသစ်မှုများနှင့် ထိထိရောက်ရောက် ချိတ်ဆက်ကာ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

သစ်တောများ ထာဝစဉ်တည်တံ့စေရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု  ရည်မှန်းချက်ပန်းတိုင်(၁၇)ချက်တွင် “ကမ္ဘာ့သဘာဝဂေဟစနစ်များ (Terrestrial Ecosystem) ကို ကာကွယ်ထိန်းသိမ်း၍ စဉ်ဆက်မပြတ်ရေရှည် သုံးစွဲနိုင်မှုကိုမြှင့်တင်ရန်၊ သစ်တောများ ရေရှည်ခံမှု အတွက်စီမံ ခန့်ခွဲရန်၊ မြေဆီလွှာဆုံးရှုံးမှုကိုရပ်တန့်ရန်၊ မြေဆီလွှာအရည်အသွေး ပြန်လည်ကောင်းမွန် လာရေးအတွက် ဆောင်ရွက်ရန်နှင့် ဇီဝမျိုးကွဲဆုံးရှုံးမှုကိုရပ်တန့်ရန်” ဟူ၍ဖော်ပြထားသည်။ သစ်တော များ ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းများ အပါအဝင် စဉ်ဆက်မပြတ် သစ်တောစီမံ အုပ်ချုပ်ခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာကွယ်ရန် ပိုမိုအားထုတ်ကြိုးပမ်းခြင်းဖြင့် ကမ္ဘာတစ်ဝန်းသစ်တောများ ဆုံးရှုံးနေမှုများအား တားဆီး ကြရမည် ဖြစ်သည်။

သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစား ကျဆင်းမှုလျော့နည်းသက်သာစေခြင်း၊ သစ်တောများ ပြန်လည်တည်ထောင်ခြင်းနှင့် သစ်တောများ ရေရှည်တည်တံ့စေရေး စီမံအုပ်ချုပ်ခြင်းတို့သည် ၂၀၃၀ ပြည့်နှစ်အမီ လိုက်နာဆောင်ရွက်ရမည့် ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်ရည်မှန်းချက်များ ဖြစ်သည်။ အဆိုပါ ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် သစ်တောအတွင်းမှ သစ်တောသစ်ပင်အမျိုးမျိုးနှင့် သစ်တောပြင်ပရှိ သစ်ပင်များမှ အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ၏ အရေးပါပုံကို ပြည်သူလူထုအားလုံးသိရှိနားလည်စေရန်၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ပါဝင်လာစေရန် အထူးအရေးကြီးလှသည်။ သစ်တောကဏ္ဍနှင့် ဆက်စပ်လျက်ရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု သဘောတရားအခြေခံသည့် အစိမ်းရောင်စီးပွားရေး၊ အပြာရောင်စီးပွားရေး၊ စက်ဝန်းစီးပွားရေးနှင့် သဘာဝကိုအခြေခံသောဖြေရှင်းခြင်းလုပ်ငန်းများတွင် ခေတ်မီနည်းစနစ်များ၊ တီထွင်ဆန်းသစ်မှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကိုလည်း ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။

၂၅-၃-၂၀၂၄ မြဝတီသတင်းစာ