မြဝတီမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှု အားပေး

နေပြည်တော်၊ သြဂုတ် - ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်သီဟနှင့် အဖွဲ့ဝင်များက သွားရောက်၍ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

ယင်းနောက် ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အလှူရှင်တစ်ဦးမှ လှူဒါန်းသည့် သွေးအတွင်း ပရိုတိန်းနှင့် ဇီဝဓာတုပစ္စည်းများအား တိုင်းတာသည့် စက်ပစ္စည်းတပ်ဆင် အသုံးပြုမှုနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။