နိုင်ငံတော်အတွက် လူရည်ချွန်မောင်မယ်များ

 

နိုင်ငံတော်အတွက် လူရည်ချွန်မောင်မယ်များ

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ဧပြီလ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌တွေ့ဆုံ၍ သြဝါဒစကားမြွက်ကြားရာတွင် “နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်အတွက် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်ကို ပြောကြားလိုကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံ့အတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များ ပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံအကျဆုံး ဖြစ်သည့်  ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းနေရေး၊ ကျောင်းသား၊   ကျောင်းသူများအားလုံး အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  နိုင်ငံတစ်ဝန်းလုံးရှိ လူငယ်မောင်မယ်တိုင်းက မိမိတို့ဘဝ တိုးတက်မြင့်မားရေးကို အစဉ်တွေးရှုကာ ပညာသင်ကြားရေးကို အလေးထားသင်ယူရမည်ဖြစ်သလို မိဘတိုင်းကလည်း သားသမီးများ၏ ပညာရေးကို အားပေးကြရမည်ဖြစ်သည်။

လူငယ်မောင်မယ်များအနေဖြင့် မိမိကိုယ်တိုင်ပညာရေးကို ကြိုးစားသင်ယူရမည်ဖြစ်သလို ပညာထူးချွန်သည့် လူရည်ချွန်များကိုလည်း အတုယူအားကျရမည်ဖြစ်သည်။ မိမိသည်လည်း သူတို့လိုထူးချွန်ထက်မြက် အောင်ကြိုးစားမည်ဟူသော စိတ်ထားရှိလျှင် လူငယ်တိုင်းသည် ဘက်စုံထူးချွန်သူများ ဖြစ်လာပေလိမ့်မည်။ ပညာထူးချွန်ပြီး ထက်မြက်သည့်ဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်သည့် အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်း စသည့်ကောင်းမြတ်သော အရည်အသွေးများ ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။

လူငယ်ဆိုသည်မှာ    အနာဂတ်တွင်  နိုင်ငံတော်၏ တာဝန်များကို   ပခုံးပြောင်း ထမ်းဆောင်ကြရမည့် သားကောင်းရတနာများ ဖြစ်သည်။ ထိုသားကောင်းရတနာများထဲက လူရည်ချွန်များကို ရွေးချယ်ခြင်းဖြစ်သည်။

လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတု လူရည်ချွန်စီမံကိန်းအထိ ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှစပြီး ခေတ္တရပ်နားခဲ့သည့် လူရည်ချွန်စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ဘက်စုံပညာ ထူးချွန်လူငယ်စီမံကိန်းအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် လူရည်ချွန်စီမံကိန်း အမည်နှင့်ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ရာ  ယခု  ၂၀၂၄ ခုနှစ်တွင် နှစ် ၆၀ ပြည့်မည်ဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် နဝမတန်းလူရည်ချွန် ၁၄၀ ဦး၊ ဒသမတန်းလူရည်ချွန် ၁၄၀ ဦး၊ ဧကာဒသမတန်း လူရည်ချွန် ၁၃၇ ဦး၊ ဒွါဒသမတန်းလူရည်ချွန်  ၁၃၇ ဦး စုစုပေါင်းလူရည်ချွန်ကျောင်းသား၊ ကျောင်းသူ ၅၅၄ ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမ ၆၄ ဦးတို့သည် ဧပြီလ၂၄ ရက် နံနက်တွင် နေပြည်တော်စုရပ်ဗဟိုစခန်း (ရွာတော်)သို့ရောက်ရှိကြပြီဖြစ်သည်။  ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့်ချောင်းသာ  လူရည်ချွန်အပန်းဖြေ စခန်းများသို့ လေ့လာရေးခရီးစဉ်အဖြစ် စေလွှတ်မည်ဖြစ်ကြောင်း သိရှိရသည်။ ထိုသို့အဖွဲ့လိုက် စုစုစည်းစည်း သွားလာနေထိုင် လေ့လာကြခြင်းဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ လူရည်ချွန်မောင်မယ်များ အနေဖြင့် အချင်းချင်းရင်းနှီးခင်မင်မှုရရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသန္တရဗဟုသုတများ ဖလှယ်ခြင်းဖြင့် မိမိတို့ သူငယ်ချင်းများနေထိုင်ရာ ဒေသအကြောင်းနှင့် လူရည်ချွန်စခန်းအခြေစိုက်ရာ ဒေသများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များ၊   ဒေသန္တရဗဟုသုတများ တိုးပွားစေမည်ဖြစ်သည်။   ထိုမှတစ်ဆင့်  မိမိတို့နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ်များ ကိန်းအောင်းရှင်သန်လာစေမည်ဖြစ်သည်။

မျိုးဆက်သစ်လူငယ်မောင်မယ်များ အနေဖြင့် ကိုယ်နှုတ်နှလုံးသုံးပါးလုံး ယဉ်ကျေးလိမ္မာပြီး  လူမှုရေးအသိစိတ်ဓာတ်များ ရရှိစေရန်၊ လူ့အဖွဲ့အစည်းတွင် အဆင်ပြေစွာလိုက်လျောညီထွေ နေထိုင်တတ်စေရန်၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်တတ်စေရန်၊ ဦးဆောင်တတ်သူများ ဖြစ်လာစေရန်နှင့် နောက်လိုက်ကောင်းများ ဖြစ်စေရန်၊ အသက်အရွယ်အလိုက် ရရှိထိုက်သည့် အခွင့်အရေးများရရှိကြရန်၊ အဆိုပါအခွင့်အရေးများနှင့် လျော်ညီစွာ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို သိရှိနားလည်ပြီး    လိုက်နာကျင့်သုံးတတ်စေရန်၊  လူလိမ္မာနှင့် လူမိုက်ကို  ခွဲခြားသိရှိပေါင်းသင်း ဆက်ဆံတတ်စေရန်၊   ပညာရှိသူတော်ကောင်းများ၏ သဘောသဘာဝကို သိရှိနားလည်ပြီး အဆိုပါပုဂ္ဂိုလ်များကဲ့သို့ နေထိုင်ပြုမူကျင့်သုံး တတ်စေရန်၊ တစ်နည်းအားဖြင့် စိတ်ထားမြင့်မြတ်ပြီး အဘက်ဘက်ကပြည့်စုံသည့် လူရည်ချွန်လူရည်မွန်များဖြစ်လာစေရန် နိုင်ငံတော်ကပြုစုပျိုးထောင် ပေးနေခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။