သဘာဝအလှများပိုမိုထိန်းသိမ်းစောင့်ရှောက်

အယ်ဒီတာ့အာဘော်                  

(၂၀၂၄ ခုနှစ်၊ ဧပြီ ၂၈ ရက်)

သဘာဝအလှများပိုမိုထိန်းသိမ်းစောင့်ရှောက်

မြန်မာနိုင်ငံတွင် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန်ဘေးမဲ့တော၊ နတ်မတောင် အမျိုးသား ဥယျာဉ်၊ မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောဟူ၍ အာဆီယံအမွေအနှစ်ဆိုင်ရာ ဥယျာဉ်ပေါင်းရှစ်ခုရှိပြီး ဆက်လက်ဆောင်ရွက်ဆဲများလည်း ရှိသည်။ အာဆီယံဒေသတွင်းရှိ သဘာဝထိန်းသိမ်းရေး နယ်မြေများ စီမံအုပ်ချုပ်မှု၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာတို့တွင် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အာဆီယံဒေသအတွင်းဂေဟစနစ်၊ ဇီဝမျိုးစုံမျိုးကွဲ၊ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်း အစဉ်အလာများ ထူးခြားစွာတည်ရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေများကို အာဆီယံအမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ထိန်းသိမ်းလျက်ရှိသည်။

အာဆီယံအမွေအနှစ်ဥယျာဉ်များနှင့် အာဆီယံနိုင်ငံများကိုလေ့လာကြည့်ပါက ဘရူနိုင်းနိုင်ငံတွင် တစ်ခု၊ လာအိုနိုင်ငံတွင် တစ်ခု၊ ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်ခု၊ စင်ကာပူနိုင်ငံတွင် နှစ်ခု၊ မလေးရှားနိုင်ငံတွင် သုံးခု၊ ထိုင်းနိုင်ငံတွင် ခြောက်ခု၊ အင်ဒိုနီးရှားနိုင်ငံတွင် ခုနစ်ခု၊ မြန်မာနိုင်ငံတွင် ရှစ်ခု၊ ဖိလစ်ပိုင်နိုင်ငံတွင် ကိုးခုနှင့် ဗီယက်နမ်နိုင်ငံတွင် ၁၀ ခုတို့ အသီးသီးပိုင်ဆိုင်ထားကြသည်။ မြန်မာနိုင်ငံသည် အာဆီယံ အမျိုးသားဥယျာဉ်များ ပိုင်ဆိုင်မှုတွင် တတိယနေရာ၌တည်ရှိသည်။ အာဆီယံအသိုက်အဝန်းအနေဖြင့် အာဆီယံအမျိုးသားဥယျာဉ် ၄၉ ခုရှိကြောင်းသိရှိရသည်။

မြန်မာနိုင်ငံသည် သဘာဝကပေးထားသည့် အမွေအနှစ်များ  ပေါကြွယ်သည့် နိုင်ငံဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အာဆီယံနိုင်ငံများနှင့် လက်တွဲ၍ ဆောင်ရွက်လျက်ရှိသည့်နည်းတူ ဒေသတွင်းရှိ အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကြွယ်ဝရေးကို NGOs အသင်း အဖွဲ့များ၊ ဒေသခံများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သိပ္ပံကြိုးဝိုင်း၊ အမျိုးသား ဥယျာဉ်၊ အဏ္ဏဝါအမျိုးသားဥယျာဉ်၊ သဘာဝကြိုးဝိုင်း၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဘူမိရုပ်သွင် ထူးသည့်နယ်မြေ၊ ဒေသ အစုအဖွဲ့သဘာဝ ထိန်းသိမ်းရေးနယ်မြေတို့ဖြင့် သဘာဝထိန်းသိမ်းရေး နယ်မြေ အမျိုးအစားခွဲခြားကာ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိသည်။

သဘာဝထိန်းသိမ်းရေးနယ်မြေများကို ကာကွယ်စောင့်ရှောက်ရာတွင် အစိမ်းရောင် စီးပွားရေးနှင့် အပြာရောင် စီးပွားရေးများကို တိုက်ရိုက်အကျိုးပြုသည့်အပြင် နိုင်ငံ၏ ဘူမိရုပ်သွင်နှင့် ရာသီဥတု မျှတမှုကိုလည်း အထောက်အကူပြုစေသည်။ သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းဆိုလျှင်  ခရီးသွားများအနေဖြင့် အဏ္ဏဝါကုန်းမြေနှင့် ရေခဲတောင်တန်းများကို စိတ်ဝင်တစားရှိကြသည်။ ထိုခရီးစဉ်များတွင် မြန်မာနိုင်ငံမှာ သဘာဝကပေးထားသည့် အမွေအနှစ်များ ပြည့်စုံသည့် နိုင်ငံအဖြစ် ဂုဏ်ယူဖွယ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခုတည်ထောင်ထားရှိပြီး နိုင်ငံ့ဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းအထိ သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖော်ဆောင်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် မူဝါဒများ၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် သစ်တောဆိုလျှင် နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ ကြိုးဝိုင်းကြိုးပြင်တောများ ကာကွယ်ရန်နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေဆိုလျှင် နိုင်ငံ့ဧရိယာ ၏ ၁၀ ရာခိုင်နှုန်း တည်ထောင်ရန် ရည်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိသည်။ 

အမျိုးသားဥယျာဉ်များ ရှင်သန်ဖွံ့ဖြိုးနေသမျှ ခရီးသွားလုပ်ငန်းများကိုလည်း များစွာ အထောက်အကူ ပြုမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာ မည်ဖြစ်သည်။ ထို့အတူခရီးသွားလုပ်ငန်းများမှ နိုင်ငံတော်အတွက်အခွန်ဘဏ္ဍာများရရှိစေမည်ဖြစ်သည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံက အမျိုးသားဥယျာဉ်တည်ထောင်ထားရှိမှုမှာ တတိယနေရာတွင် ရှိနေသည့်အတွက် အဏ္ဏဝါဖြစ်စေ၊ ရေချိုအိုင်ဖြစ်စေ၊ သဘာဝဘေးမဲ့တောဖြစ်စေ ရေရှည်တည်တံ့ နေစေရန် နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်သူအားလုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ အမျိုးသားဥယျာဉ်များမှာ ထိခိုက်မှုအနည်းဆုံးအဆင့်မှာ ရှိနေသေးသည့်အတွက် ခရီးသွား များကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများကြားတွင် ရေခဲဖုံးလွှမ်းသော ဒေသကိုပိုင်ဆိုင်ထားသည့်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံမြောက်ဖျားရှိ ပူတာအိုဒေသမှ ဖုန်ကန်ရာဇီနှင့် ခါကာဘိုရာဇီရေခဲတောင်ဒေသကို ကမ္ဘာက စိတ်ဝင်တစားရှိကြသည်။ အဆိုပါ ရေခဲတောင်ဒေသများသို့ တောင်တက်ခရီးသွားများ နှစ်စဉ်လာရောက်ကြသည်။ ပူတာအိုမြို့နှင့်အရှေ့မြောက်ဘက်တွင်ရှိသည့် ရေခဲတောင်ဖုံးလွှမ်းသော ခေါင်လန်ဖူးမြို့ကို နိုင်ငံတော်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူ များအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးစသည့် ကဏ္ဍအသီးသီး အဆင်ပြေချောမွေ့စေရန် လွန်စွာခက်ခဲကြမ်းတမ်းသည့် ၅၆ မိုင်ခရီးလမ်းကို ဖောက်လုပ်ပေးခဲ့ပြီးဖြစ်သည်။ တစ်ချိန်က ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို လွယ်ကူစွာသွားလာနိုင်ပြီဖြစ်ပေရာ နှင်းခဲတောင်တန်းများပေါ်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သဘာဝ ဘေးမဲ့တောများ၊ အမျိုးသားဥယျာဉ်များနှင့် ရေခဲတောင်ဒေသများကို ပိုမိုထိန်းသိမ်းစောင့်ရှောက် ခြင်းဖြင့် ခရီးသွားလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း။ ။