ငါ့နိုင်ငံတော် ငါ့နိုင်ငံသားများအတွက် . .

ယဉ်ကျေးသောလူတိုင်းတွင် တာဝန်ဝတ္တရား အသီးသီး ရှိလေသည်။ မိဘ၌ဝတ္တရားရှိသကဲ့သို့ သားသမီးမှာလည်း ဝတ္တရားရှိသည်။ ထို့အတူ ဆရာ၏ဝတ္တရား၊ တပည့်၏ဝတ္တရား၊ လင်ယောက်ျား၏ဝတ္တရား၊ အိမ်သူသက်ထား ဇနီးမယား၏ဝတ္တရား စသည်ဖြင့် တာဝန်အသီးသီး ရှိကြရာ တိုင်းပြည်အတွက် ပြည်သူပြည်သားတို့ လိုက်နာဆောင်ရွက်ရမည့် ဝတ္တရားများလည်း ရှိလေသည်။ တိုင်းပြည်တစ်ပြည်တွင်  တိုင်းသူပြည်သားများက ဆောင်ရွက်ရမည့် ဝတ္တရားများကို ကျေပွန်စွာ မဆောင်ရွက်ဘဲ ပျက်ကွက်နေပါက အဆိုပါ တိုင်းပြည်သည် တိုးတက်ကြီးပွား ခိုင်ခံ့တည်မြဲရန် မဖြစ်နိုင်ပေ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းသူပြည်သားများအတွက် အခွင့်အရေးများကို ဖော်ပြထားသကဲ့သို့ တာဝန်ဝတ္တရားများကိုလည်း ဖော်ပြထားသည်။

နိုင်ငံသားများသည် မူလအခွင့်အရေးရှိသကဲ့သို့ တာဝန်များလည်းရှိပေသည်။ ပုဒ်မ ၃၈၃။ နိုင်ငံသားတိုင်း အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်-(က)ပြည်ထောင်စုမပြိုကွဲရေး၊ (ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ (ဂ)အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး။ ထို့ပြင် ပုဒ်မ ၃၈၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ပုဒ်မ ၃၈၆။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်... ဟူ၍ တာဝန်များရှိသည်ကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်သည်။

နိုင်ငံသားတိုင်းသည် နိုင်ငံသားအခွင့်အရေး ရှိသကဲ့သို့ နိုင်ငံတော်အတွက် မိမိတို့ထမ်းဆောင်ရမည့် တာဝန်ကိုလည်း သိစေချင်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပုဒ်မ ၃၈၃ မှ ပုဒ်မ ၃၉၀ အထိသည် နိုင်ငံသားတိုင်း၏ တာဝန်ကို ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ အနှစ်ချုပ်ကြည့်လျှင် မိမိတို့နိုင်ငံတော်ကို ကာကွယ်ရန်၊ စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ကို အတိအလင်းပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပကိုအားကိုးရန် မလိုအပ်ပေ။

လူထုဦးလှ၏ ပုံပြင်လေးတစ်ပုဒ်ကို အလျဉ်းသင့်၍ ဖော်ပြလိုသည်။ ရွာတစ်ရွာမှာ ဦးဖြူနှင့်ဦးမဲသည် သူ့နွားလှည်းက ကောင်းသည်၊ ငါ့နွားလှည်းက ကောင်းသည်နှင့် အငြင်းပွားလျက်ရှိသည်။ ထိုစဉ် ဦးဉာဏ်ပိုင်ဆိုသူရောက်လာပြီး လှည်းကောင်း၊ မကောင်းဆိုတာ ပြိုင်ကြည့်မှသိမှာပေါ့ဟူ၍ ဝင်ပြောသည်။ သို့ဖြင့် ဦးဖြူနှင့်ဦးမဲတို့ နွားလှည်း ချင်းပြိုင်ကြသည်။ ပြိုင်ပွဲစခါနီး အချိန်တွင် ဦးဉာဏ်ပိုင်က ဦးဖြူနှင့်ဦးမဲတို့နှစ်ဦး ကြားဝင်ပြီး နှစ်ဦးစလုံးကို တွင်တွင်သာလက်နှင့် ကုတ်နေလေသည်။

ပြိုင်ပွဲတွင် ဦးဖြူနွားလှည်းကနိုင်ပြီး ဦးမဲ၏ နွားလှည်းက ရှုံးသွားလေသည်။ အကြံသမားဦးဉာဏ်ပိုင်က ဦးဖြူဆီသွားပြီး ကဲ...ဦးဖြူ၊ ကျုပ်မပြောလား၊ ခင်ဗျားနိုင်မယ်မှန်းသိလို့ ကျုပ်လက်ကုတ်တာဟူ၍ ပြောသည်။ ဦးဖြူက ကျေးဇူးတင်လွန်း၍ ဦးဉာဏ်ပိုင်ကို ထန်းရည်အဝတိုက်လိုက်သည်။ ထို့နောက် ဦးဉာဏ်ပိုင်က ဦးမဲဆီထပ်သွားပြီး ဦးမဲကို ခင်ဗျားဗျာ...မပြိုင်ပါနဲ့လို့ ကျုပ်ကလက်ကုတ်ပြီးပြောနေတာ ပြိုင်ဖြစ်အောင် ပြိုင်တယ်ဟူ၍ ပြောလိုက်သည်။ ဦးမဲကလည်း ဦးဉာဏ်ပိုင်အပေါ် သြော်...သူငါ့အပေါ် စေတနာကောင်းရှာပါကလား ပြောပြီး ထန်းရည်အဝ တိုက်လိုက်ပြန်သည်။

ယနေ့ကာလ ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် ဦးဉာဏ်ပိုင်ကဲ့သို့ စိတ်ထားရှိသူများသာ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို အတွင်းမှာလည်းဝင်ရောက်ခြယ်လှယ်သည်။ ပြင်ပကလည်း မြှောက်ထိုးပင့်ကော် ခြယ်လှယ်လျက်ရှိသည်။ ပုံပြင်ထဲက ဦးဉာဏ်ပိုင်က ထန်းရည်အဝသောက်ရုံနှင့် ပြီးသွားသော်လည်း တကယ့်လက်တွေ့အင်အားကြီးဦးဉာဏ်ပိုင်များက မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးချုပ်ကိုင်သွားမည်သာ ဖြစ်သည်။ သို့ဖြစ်ပေရာ နိုင်ငံသားတိုင်းသည် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားများအတွက် ငါ့တွင် တာဝန်ရှိသည်ဟူသော အသိထား ရှိကြပါရန် နှိုးဆော် ရေးသားလိုက်ရပေသည်။  ။