ပိုမိုကောင်းမွန်သည့်လူ့အဖွဲ့အစည်း

အယ်ဒီတာ့အာဘော်                

(၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက်)

ပိုမိုကောင်းမွန်သည့်လူ့အဖွဲ့အစည်း

လူရည်ချွန်မောင်မယ်များ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် သင်တန်းသားလူငယ်များသည် တိုင်းပြည်၏ ခွန်အားများဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအား အရင်းအမြစ်များလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်မှာ အနာဂတ်နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်မောင်မယ် များ၏ စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည်လျက်ရှိသည်။ ထို့ကြောင့်လူငယ်မောင်မယ်များအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ပညာရယူနိုင်သည့် နည်းလမ်းအသွယ်သွယ်မှ လူငယ်များ ကိုယ်တိုင် အပတ်တကုတ် ကြိုးပမ်းအားထုတ်သွားကြရမည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရန်အတွက် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်နှင့် ပြည့်စုံသည့်လူတော်လူကောင်းများ ဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင် ရွက်ပေးလျက်ရှိသည်။ ၂၁ ရာစုသည် ပညာခေတ်ဖြစ်သည်နှင့်အညီ ဆန်းသစ်လာသည့် နည်းပညာများ နှင့်အတူတိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကိုလက်လှမ်းမီနိုင်ရန် မျိုးဆက်သစ် လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရန် လိုအပ်သကဲ့သို့ လူငယ်များအနေဖြင့်လည်း အထူးကြိုးစား လေ့လာသင်ယူကြရန် လိုအပ်ပေသည်။

လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြား နိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန်  ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့  ဥပဒေကိုသိရှိ လေးစားလိုက်နာတတ်ရန်နှင့်  ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှုတာဝန်များကို ကျေပွန်စွာပြုမူ နေထိုင်တတ်စေရန်လည်း လမ်းပြသွန်သင်ပေးကြရမည်ဖြစ်သည်။ လူငယ်မောင်မယ် များအားလုံး ပညာသင်ယူလေ့လာသည့်အခါတွင် စာပေဘာသာရပ်ကို တတ်မြောက်ထူးချွန်ရုံသာမကဘဲ စာပေပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်များအတိုင်း ဘက်ပေါင်းစုံကထူးချွန်ထက်မြက်အောင် ကြိုးစားကြရမည်ဖြစ်သည်။

လူငယ်မောင်မယ်များအနေဖြင့် မိမိနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်း တတ်ရန်၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းတတ်ရန်၊ မိမိပတ်ဝန်းကျင်ကို အကျိုးပြုရန်၊ လူမှုအသိုင်းအဝိုင်းတွင် ကောင်းမွန်သည့်စိတ်ဓာတ်၊ ကောင်းမွန်သည့် အလေ့အကျင့်များ နှင့်ဝင်ဆံ့ အကျိုးပြုနိုင်ရန်၊ နိုင်ငံ့သားကောင်းမှသည် ကမ္ဘာ့သားကောင်းဖြစ်ရန်စသည့် အရည်အသွေး များနှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်ရန် လေ့လာသင်ယူပြီး လိုက်နာကျင့်သုံးသွားကြခြင်းဖြင့် ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။

လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်သည့်အခါ စာပေဘာသာရပ်များကိုသာ စစ်ဆေး အကဲဖြတ် ရုံတစ်ခုတည်းမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ စာရိတ္တပိုင်းဆိုင်ရာ ကောင်းမွန်မှုကိုပါ စနစ်တကျ စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ကျောင်းသား၊ ကျောင်းသူတို့သည် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် အဆင့်ဆင့်စိစစ်မှုကို ကျော်ဖြတ်ပြီး  ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူဖွယ် ကောင်းလှသည်။

လူရည်ချွန်မောင်မယ်များကို ယခင်နှစ်များအတိုင်း နဝမတန်းလူရည်ချွန်များကို ရှေးဟောင်းအမွေ အနှစ်ဒေသ ပုဂံမြို့၊ဒသမတန်းလူရည်ချွန်များကို ရှမ်းပြည်နယ်တောင်ပေါ်ဒေသ တောင်ကြီးမြို့၊ ဧကာ ဒသမတန်းလူရည်ချွန်များကို ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေငွေဆောင်မြို့နှင့်  ဒွါဒသမတန်း လူရည်ချွန်များကို ပင်လယ်ကမ်းခြေချောင်းသာ လူရည်ချွန်စခန်း အသီးသီးကိုလေ့လာရေး ခရီးသွား ရောက်ကြရမည်ဖြစ်သည်။ ယခုကဲ့သို့ လူရည်ချွန်စခန်း အသီးသီးသို့ သွားရောက်ခြင်းအားဖြင့် ရည်ရွယ်ချက် ချမှတ်ခဲ့သည့်အတိုင်း လူရည်ချွန်မောင်မယ်များအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိခြင်း၊ အသိပညာဗဟုသုတများ ဖလှယ်နိုင်ခြင်းအပြင် လူရည်ချွန်စခန်း အခြေစိုက်ရာဒေသများ၏ ဒေသန္တရ ဗဟုသုတများရရှိခြင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့များ သိရှိနားလည်ပြီး မိမိနိုင်ငံနှင့် လူမျိုးအား ချစ်မြတ်နိုးစိတ်၊ တန်ဖိုးထား ထိန်းသိမ်းလိုစိတ်များ ကိန်းအောင်း ရှင်သန်လာစေမည်ဖြစ်သည်။

လူရည်ချွန်မောင်မယ်များအနေဖြင့် “မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်း အောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက်ကောင်းအောင် ကြိုးစားမည်” ဆိုသည့် ကျောင်းကောင်စီ ကတိကဝတ်များနှင့်အညီ မိမိကိုယ်တိုင်သာမက မိမိ ပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက်ပါ အကျိုးရှိသည့် စံပြလူငယ်မောင်မယ်များ ဖြစ်အောင် ကြိုးပမ်း ထိန်းသိမ်းသွားကြရမည် ဖြစ်သည်။ လူငယ်မောင်မယ်များကို အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသား တက်ကြွဖျတ်လတ်သည့်၊ သူတစ်ပါးကို ကူညီရန်အသင့်ရှိသည့်၊ လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်သည့် လူ့စွမ်းအားအရင်းအမြစ်များပြည့်ဝသော နိုင်ငံ့သားကောင်းများဖြစ်ရန်၊ လူတော်လူကောင်းများဖြစ်ရန် ပြုစုပျိုးထောင်ပေးခြင်းမှာ လူငယ်မောင်မယ်များအနေဖြင့် ပိုမို ကောင်းမွန်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်သွားနိုင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေ သည်။   ။