ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀ ရက်)

ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော ကြားသည့် “၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်သဝဏ်လွှာတွင် ၂၀၂၄ ခုနှစ်အတွင်းမှာ  ကျွန်တော်တို့ နိုင်ငံအတွင်း ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းမှရရှိတဲ့ လူဦးရေ ဆိုင်ရာ ကိန်းဂဏန်း အချက်လက်များက ကျွန်တော်တို့နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များမှာ အကျိုးရှိရှိ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးဖြစ်ပေါ်စေရေးအတွက် အခြေခံ အချက်ဖြစ်တဲ့ မဲစာရင်းများ မှန်ကန်ပြည့်စုံရေးမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနဲ့လည်း ဆောင်ရွက်မယ့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ပြောကြားလိုပါတယ်” ဟူ၍ ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအောင်မြင်ရေး အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၆ ရက်တွင်နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်အဆင့် ကောက်ယူမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒများချမှတ်ရာတွင် အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ပညာရေးဝန်ထမ်းများက အဓိက ပါဝင်မည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ ပါဝင်ဆောင်ရွက်ကြမည် ဖြစ်သည်။ သန်းခေါင်စာရင်း သင်တန်း အဆင့်ဆင့်ကို လာမည့်သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဖွင့်လှစ်မည်ဖြစ်သည်။ သန်းခေါင်စာရင်း လုပ်ငန်းနှင့်ပတ်သက်၍ စမ်းသပ်သန်းခေါင်စာရင်းမှရရှိလာသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များကို အခြေခံလျက်ကောက်ကွက်ဖွဲ့စည်းခြင်း၊   သန်းခေါင်စာရင်း မေးခွန်းပုံစံ ပြင်ဆင် အတည်ပြုခြင်းတို့ကို သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ထားပြီး ဖြစ်သည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကျယ်ပြန့်ပြီး ကုန်ကျစရိတ်ကြီးမားမည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၅ နှစ်တစ်ကြိမ် ကောက်ယူသည်။ နိုင်ငံ၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံ အသုံးပြုရသည့် စာရင်းအင်း အချက်အလက်များအနက်အဓိကကျသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများမှ သာရရှိနိုင်သည်။

၂၀၂၄ ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဆောင်ပုဒ်မှာ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့”ဟူ၍ဖြစ်သည်။  ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ခေတ်မီနည်းပညာ Computer-Assisted Personal Interviews (CAPI) နည်းစနစ်ကိုအသုံးပြုပြီး Mobile Tablet များနှင့် ကောက်ယူမည် ဖြစ်သည်။ အိမ်ထောင်စုများတွင် နေထိုင်သူများအား မေးခွန်းပေါင်း ၆၈ ချက်မေးမြန်းပြီး အဖွဲ့အစည်းများတွင် နေထိုင်သူများကို  မေးခွန်းပေါင်း ၁၈ ချက် မေးမြန်းမည်ဖြစ်သည်။  ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေအရ သန်းခေါင် စာရင်းမှရရှိသော အချက်အလက်များကို ကာကွယ်ပေးထားမည်ဖြစ်သည်။ မည်သူမဆို လျှို့ဝှက်ချက် ချိုးဖောက်ပါက အဆိုပါဥပဒေဖြင့် အရေးယူခြင်း ခံရမည်ဖြစ်သည်။

ယခုပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့နိုင်ငံအင်အားဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံသားတိုင်းက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ နိုင်ငံတော်အစိုးရ၏ မှတ်တိုင်တစ်ခု စိုက်ထူမှတ်ကျောက်တင်နိုင်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ သန်းခေါင်စာရင်းမေးခွန်းများကို မှန်မှန်ကန်ကန်ဖြေဆိုခြင်းဖြင့် ပြည်သူများအားလုံးက ပါဝင်ကြရမည်လည်း ဖြစ်သည်။ သန်းခေါင်စာရင်း ကောက် ယူရာတွင် နည်းပညာလိုအပ်ချက်များ၊ ဆိုက်ဘာလုံခြုံရေးနှင့် အခြားသော နယ်မြေဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပူးပေါင်းပါဝင်ကြ ရန်တိုက်တွန်းပါကြောင်း ရေးသားလိုက်ရပေသည်။   ။