အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘ၀

 

အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘ၀

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၁ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME  စီးပွားရေးလုပ်ငန်းများကို အားပေးလျက်ရှိသည်။ ထိုသို့အားပေးခြင်းဖြင့် နိုင်ငံတော်တွင် ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်။ အလုပ်လုပ်နိုင်သည့် အရွယ်ရောက်သူတိုင်း သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိစေရေးနှင့် ကျွမ်းကျင်လုပ်သားများအား ပြုစုပျိုးထောင်ပေးရေး တို့ကို အလေးထား လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားများနှင့် တောင်သူလယ်သမားကြီးများသည် နိုင်ငံ့အတွက် အားတစ်ရပ်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် အလုပ်သမားများနှင့် တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုလုပ်ဆောင်ပေးလျက်ရှိရာ ယနေ့ကာလအထိပင်ဖြစ်သည်။ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများအောင် ဖန်တီးလုပ်ဆောင်နေသကဲ့သို့ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်နေသူများကိုလည်း ယင်းတို့၏ရပိုင်ခွင့်များ၊ ခံစားခွင့်များ အပြည့်အဝရရှိစေရေးအတွက် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများက အနီးကပ်ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံအကျိုးကို မလိုလားသော ပြည်ပနိုင်ငံအချို့၏စီးပွားရေးနှင့် ဘက်ပေါင်းစုံ ပိတ်ဆို့နှောင့်ယှက်မှုရှိနေသည့်ကြားမှပင် နိုင်ငံတော်အစိုးရသည် နိုင်ငံစီးပွားမြင့်မားအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတိုင်းတွင် အလုပ်သမားများ ရှိနေကြသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ လုပ်ငန်းရှင်တစ်ဦးသည် စီးပွားရေး လုပ်ဆောင်ရန် ငွေကြေးများစွာရှိသော်လည်း လက်တွေ့လုပ်ဆောင် အကောင်အထည်ဖော်ပေးမည့် အလုပ်သမား တစ်ဦးမျှမရှိလျှင် လုပ်ငန်းများ စတင်နိုင်မည်မဟုတ်ပေ။ ထို့အတူ အလုပ်သမားတစ်ဦးသည်လည်း အလုပ်လုပ်ချင်စိတ်ရှိသော်လည်း လုပ်ရမည့်လုပ်ငန်း၊ အလုပ်ပိုင်ရှင်မရှိလျှင် ဘဝရပ်တည်မှု ခက်ခဲနေပေလိမ့်မည်။

အလုပ်ရှင်နှင့် အလုပ်သမားဆိုသည်မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန်အကျိုးပြုနေကြသူများ ဖြစ်ကြသည်။ အလုပ်သမားများကြောင့် လုပ်ငန်းများ အောင်မြင်နေသလို အလုပ်ရှင်ကြောင့် အလုပ်သမားမိသားစုများ၏ လူမှုစီးပွားဘဝ အဆင်ပြေနေခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်ရှင်နှင့် အလုပ်သမားတို့သည် အချင်းချင်း သမာသမတ်ရှိစွာ ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ကြရမည်ဖြစ်သည်။ လုပ်ငန်းအောင်မြင်ရေးအတွက် ရှေးရှုရမည် ဖြစ်သကဲ့သို့ အလုပ်သမားတို့၏ သက်သာချောင်ချိရေးကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အလုပ်ကိုမနားမနေ ခိုင်းစေပြီး လုပ်အားခကိုလျှော့၍ ပေးချေခြင်းမျိုးသည် အလုပ်ရှင်အလုပ်သမား ပဋိပက္ခအစဖြစ်သည်။

အလုပ်သမားများကို တန်ဖိုးထားသောအားဖြင့် ၁၉၁၉ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ International Labour Organization (ILO) ကိုဖွဲ့စည်းခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အလုပ်သမားတို့၏ဘဝနှင့် လုပ်ငန်းခွင် တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် မေလ ၁၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး  အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌  ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် ညီလာခံမှအဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။

ILO ၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အလုပ်သမားတို့၏ ဘဝနှင့်လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်လာစေရန်ဖြစ်သည်။ ILOအဖွဲ့၏ထူးခြားသော ဆောင်ရွက်ချက်များမှာ အလုပ်သမားတို့၏ အလုပ်ချိန်သတ်မှတ်မှု၊ အလုပ်သမား ရရှိရေးနှင့် အလုပ်လက်မဲ့ မပေါ်ပေါက်ရေး၊ အလျင်မီ လစာနှုန်းထားသတ်မှတ်ခြင်း၊ လုပ်ငန်းခွင်ကြောင့် ရောဂါအနာတရ မဖြစ်ပွားရေး၊ ကလေးသူငယ်များကို အလုပ်သမားအဖြစ် စေခိုင်းခြင်းမှ အကာအကွယ်ပေးရေး၊ လူငယ်အလုပ်သမား၊ အမျိုးသမီး အလုပ်သမားများအား အကာအကွယ်ပေးရေး၊ သက်ကြီးထောက်ပံ့ကြေးနှင့် အနာတရဖြစ်သူ ထောက်ပံ့ကြေးပေးရေး၊ တိုင်းတစ်ပါး၌ အလုပ်လုပ်ရသူများအတွက် အကာအကွယ်ပေးရေး၊ အလုပ်တူလုပ်ရလျှင် လုပ်ခတူရရေး၊ အလုပ်သမား အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေး၊ အလုပ်ခွင်သင်တန်းများနှင့် နည်းပညာသင်တန်းများ ပေးရေးတို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ILO အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အတည်ပြုပါဝင် ထားသောအသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်(၈၇)ကို ILO နှင့်ပူးပေါင်း၍ အပြည့်အဝလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အလုပ်သမား အချင်းချင်းအကြား အလုပ်သမားရေးရာ ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရာတွင် အလုပ်သမားများအား ကိုယ်စားပြု၍ လွတ်လပ်စွာ ဆွေးနွေးဆောင်ရွက် စေလျက်ရှိသည်။ အရည်အချင်းပြည့်ဝသော လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးတို့ အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့်အညီ  အလုပ်ရှင်၊ အလုပ်သမားများအကြား  ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာစေရန်နှင့်  အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုအား တရားမျှတစွာဖြေရှင်း ဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာရရှိခံစားနိုင်စေရန် နိုင်ငံတော်အစိုးရ အနေဖြင့် စီမံဆောင်ရွက်လျက် ရှိပါကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပေသည်။   ။