တောင်ကျချောင်းရေတိုက်စားမှုကြောင့် ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်း-ကော့သောင်းသွား ကားလမ်းပျက်စီးမှုများ ပြန်လည်ပြုပြင် ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း သြဂုတ် ၁၂ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုတ်ပြင်း-ကော့သောင်းသွားကားလမ်း၊ မိုင်တိုင်အမှတ်(၇၅) အနီးရှိ ကားလမ်း၌ တောင်ကျချောင်းရေတိုက်စားမှုကြောင့် အရှည်ပေ ၂၀ ၊ အကျယ် ၇ ပေနှင့် အနက်ပေ ၂၀ ခန့် ကားလမ်းပြိုကျ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လမ်းပြုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့်နေရာသို့ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ကျောက်ထနောင်း တပ်နယ်မှ တပ်မတော်သားများက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မြေသယ်ယာဉ် ၅ စီး၊ ဘက်ဟိုးယာဉ် ၁ စီးတို့ဖြင့် လမ်းပြန်လည်ပြုပြင်ခြင်း၊ မြေသားများ တူးဖော်ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။