ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၂ ရက်)

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီလ ၂၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်၌ဖွင့်လှစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း Legal Advocacy Center (LAC) ကိုတက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားစဉ် “မိမိတို့နိုင်ငံသည်  စစ်မှန်၍  စည်းကမ်း ပြည့်ဝသော  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့်   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

“ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာလွန်ချမ်းသာ” ဆိုသည့်အတိုင်း လူသားအားလုံး သည် ဥပဒေနှင့်အညီ နေထိုင်ကြမည်ဆိုပါက ကမ္ဘာကြီး သာယာလှပနေမည်သာ ဖြစ်သည်။ ထို့အတူ မြန်မာ နိုင်ငံသားအားလုံးအနေဖြင့်လည်း မိမိတို့၏ နေ့စဉ်စားဝတ်နေရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ လုပ်ဆောင်ကြမည်ဆိုပါက နိုင်ငံသည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်နေမည် ဖြစ်သည်။ လူတိုင်းလူတိုင်း ဥပဒေပညာရှင်မဖြစ်နိုင်သော်လည်း ဥပဒေပညာကို သိရှိနားလည်ထားမှသာ လူမှုဘ၀ မြှင့်တင်မှုများတွင် အကျိုးရှိစွာ အသုံးချနိုင်မည် ဖြစ်သည်။

နိုင်ငံတော်အတွက် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို ဆောင်ရွက်ကြရာတွင် ဂုဏ်သိက္ခာရှိရှိဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရန် အတွက် အရည်အချင်းပြည့်မီသည့် ဥပဒေအရာရှိများကို ခန့်အပ်တာဝန်ပေးရန် လိုအပ်သည်။ ယခုအခါ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်းကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဥပဒေနှင့် အသက်မွေးဝမ်းကျောင်းပြုကြသူများအတွက် လုပ်ငန်းခွင်လက်တွေ့လုပ်ငန်းများကို ပိုမို လေ့လာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်သည်။

ဥပဒေအသိပညာ ပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရား မျှတမှုဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အဂတိ လိုက်စားမှုကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သည့် အကျိုးကျေးဇူးကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံအတွင်းရှိဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်အသီးသီးတွင် ဝိဇ္ဇာ(ဥပဒေ)ပညာဘွဲ့ B.A(Law) ပညာသင်ကြား နေပြီး အဓိကကျသည့် တက္ကသိုလ်များတွင် ဥပဒေဘွဲ့ (LLB) ပညာသင်ကြားပေးလျက်ရှိသည်။ မြန်မာနိုင်ငံမှ မွေးထုတ်ပေးလိုက်သည့် ဥပဒေပညာရှင်များသည် နိုင်ငံတကာတွင် ရင်ဆိုင်ယှဉ်ပြိုင် နိုင်သည့် အကျော်ဇေယျများဖြစ်သည်အထိ လုပ်ဆောင်ကြရမည်ဖြစ်သည်။

နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေအသိပညာရှိကြရန် လိုအပ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာများ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှုဆောင်ရွက်သူများအနေဖြင့် ဥပဒေကို နားလည် တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန် လိုအပ်သည်။ သို့မှသာ မိမိတို့လုပ်ကိုင်ဆောင်ရွက်မှုများသည် အမှားအယွင်းနှင့် အပြစ်ကင်းစင်ပြီး အကျိုးရှိမှန်ကန် ထိရောက်သည့် လုပ်ရပ်များနှင့် နိုင်ငံနှင့်ပြည်သူ အတွက်ကောင်းကျိုး ရလဒ်များကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏တာဝန် အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စတင်တာဝန်ယူ ဆောင်ရွက်သည့် အချိန်မှစပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့ စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝ တိုးတက်ဖြစ်ထွန်းစေရေးတို့အတွက် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ခေတ်စနစ်နှင့် လျော်ညီစေမည့် ဥပဒေများ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်းဖြင့် ဆောင်ရွက် လျက်ရှိသည်။

ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင် လျက်ရှိပြီး နိုင်ငံတော်၏ရှေ့ဆက်ရမည့် လုပ်ငန်းများတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် ကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ ဥပဒေရေးရာ ဝန်ကြီးဌာနသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများအကြား ဥပဒေအသိပညာ ပြန့်ပွားရေးကို ရည်ရွယ်ပြီး ဥပဒေဝန်ဆောင်မှုလုပ်ငန်းများကို ပုံသဏ္ဌာန်မျိုးစုံဖြင့် အကောင်အထည်ဖော် ပေးခြင်းလည်းဖြစ်သည်။ ယခုဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း (Legal Advocacy Center) သည် ဥပဒေအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်မည့် နေရာတစ်ခုအဖြစ် ပေါ်ပေါက်လာမည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက် မိပါသည်။ နိုင်ငံတော်အတွက် အကျိုးရှိမည့် နေရာတစ်ခုဖြစ်သည်ဟုလည်း ဆိုရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်ပေ ရာ ယခုကဲ့သို့ဥပဒေ အသိပညာပြန့်ပွားရေး သင်တန်းကျောင်းဖွင့်လှစ်ခြင်းကို ကြိုဆိုပါကြောင်း ရေးသား လိုက်ရပေသည်။  ။

၃၀-၄-၂၀၂၄ မြဝတီသတင်းစာ...