နိုင်ငံတော်က သက်ဆိုင်ရာ ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ရှိရေးနှင့် ပြန်လည်ထူထောင်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိ

 

နိုင်ငံတော်က သက်ဆိုင်ရာ ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ရှိရေးနှင့် ပြန်လည်ထူထောင်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   မေ    ၇

    ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်  ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ   သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ  (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊  ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ  ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့် က လက်ရှိအခြေအနေတွင် ဆူပူအကြမ်းဖက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာ သူများရှိနေပြီး ၎င်းတို့တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စားဝတ်နေရေး အခက်အခဲများရှိနေကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တည်ငြိမ်အေးချမ်းရေးနှင့် ပုံမှန်အခြေအနေ ရောက်အောင်  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ယာယီနေရပ်စွန့်ခွာသူများ နေထိုင်စားသောက်ရေး အဆင်ပြေအောင် ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း။

သို့သော် ကူညီထောက်ပံ့ပေးမှုများသည် ယာယီသာဖြစ်နိုင်ပြီး တည်ငြိမ်အေးချမ်းပြီး ကိုယ့်ဒေသကိုယ် ပြန်နိုင်သည့်အချိန်တွင် ပြန်ကြခြင်းဖြင့် အစစအရာရာ အဆင်ပြေနိုင်ကြောင်း၊ နိုင်ငံတော်ကလည်း  သက်ဆိုင်ရာဒေသများတွင် တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် လိုအပ်သည့် ပြန်လည်ထူထောင်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ကိုယ့်ဒေသကိုယ် အဆင်ပြေစွာပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ယာယီနေရပ် စွန့်ခွာသူများအနေဖြင့် ဌာနအလိုက် ဆောင်ရွက်ပေးနေမှုများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး သင့်တော်သည့်အချိန်ကာလတွင် နေရပ်ပြန်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူးက ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ  ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဆွေးနွေးချက်များကို အမျိုးသားအဆင့် ကော်မတီသို့ တင်ပြဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ယင်းနောက် သတင်းနှင့် ပြန်ကြားရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ ဆက်ဆံရေးနှင့်   စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက  ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့သည်။