၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်

 

၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်

 

နေပြည်တော်  မေ  ၈

    ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(ဘီ)ရုံ၌   ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့်   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။     

  အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊   တွဲဖက်စစ်ရေးချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အချိန်ပြည့်၊ အချိန်ပိုင်းအလုပ် အမှုဆောင်များ၊ ကြက်ခြေနီ ဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့မှ  ကိုယ်စားလှယ်များ၊   မိတ်ဖက် အမျိုးသားကြက်ခြေနီ အသင်းများမှ ကိုယ်စား လှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်     ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်  ၁၈၅၉ ခုနှစ် ဆိုဖာရီနိုစစ်မြေပြင်က အစပြု၍ လူသားများ၏ လူမှုကရုဏာ လိုအပ်ချက်များကို ဆောင်ရွက်ပေးနေခဲ့သည့် ကြက်ခြေနီတည်ရှိမှုသက်တမ်းသည် ရာစုနှစ်တစ်ခုကျော် တည်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုဆိုလျှင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် နိုင်ငံအစိုးရများက ဖွဲ့စည်းထားသည့်    အမျိုးသား ကြက်ခြေနီ/လခြမ်းနီ အသင်းပေါင်း ၁၉၁ သင်းမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များသည်  အကူအညီ လိုအပ်သူများကို လူမှုကရုဏာအကူအညီများ ပေးနိုင်နေကြပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း  မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် နိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီဆောင်ရွက်ပေးနေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူပါကြောင်း။

  နိုင်ငံတော်က လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာ သဘောတူညီချက်များ(Geneva Conventions) နှင့်  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ/လခြမ်းနီ လှုပ်ရှားမှုများ၏ ဥပဒေသများအရ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို  နိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးထားပြီးဖြစ်သည့်အတွက် ကြက်ခြေနီအခြေခံမူများ၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင်ပေးကြရန် တိုက်တွန်း မှာကြားလိုကြောင်းနှင့် ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်ကူညီသူအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အများအကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

   ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားပြီး  မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက် စကားပြောကြားသည်။

  ယင်းနောက် ၂၀၂၄ ခုနှစ်   ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်  မှတ်တမ်းဗီဒီယိုကိုပြသပြီး မွန်ပြည်နယ်ကြက်ခြေနီ စေတနာလုပ်အားရှင်များ၏ ဘင်ခရာအဖွဲ့နှင့်အတူ   ကြက်ခြေနီတပ်ဖွဲ့ဝင်များက “အများအတွက်  ကြက်ခြေနီ”သီချင်းနှင့် လူငယ်ကြက်ခြေနီမောင်မယ်များက “လူငယ်ကြက်ခြေနီ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်  ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး က မြန်မာနိုင်ငံကြက်ခြေနီ သူနာပြုတပ်ဖွဲ့တွင် အသက် ၆၅ နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ကိုယ်စား  မကွေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီးတပ်ဖွဲ့မှူး ဦးကျော်မြင့်ကို လည်းကောင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲတွင် မြန်မာဘာသာဖြင့်      ပထမဆုရရှိသည့် မောင်ဖြိုးေ၀၀င်းကို လည်းကောင်း၊ ဒုတိယဆုရရှိသည့်   ရွှေရည်ထွန်းလတ် ကိုယ်စား တာဝန်ရှိသူတစ်ဦးက လည်းကောင်း၊  တတိယဆုရရှိသည့် မအေးမြမူကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ နှင့် ဦးရန်ကျော်တို့က ၂၀၂၄ ခုနှစ် ကမ္ဘာ့ ကြက်ခြေနီနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အင်္ဂလိပ်ဘာသာဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် ကဗျာပြိုင်ပွဲတွင် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ပြခန်းများ၊ ကြက်ခြေနီပစ္စည်း အရောင်းကောင်တာ၊ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ခြင်းဆိုင်ရာ ပစ္စည်းများပြခန်းနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာပစ္စည်းပြခန်းတို့ကို လိုက်လံကြည့်ရှုကြသည်။

ကမ္ဘာ့ကြက်ခြေနီနေ့များကို   ၁၉၄၈ ခုနှစ်မှစတင်ကာ နှစ်စဉ် မေလ ၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်း အနား ဆောင်ပုဒ်သည် “လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ပေး”( Keeping Humanity Alive) ဖြစ်ကြောင်း သိရသည်။