သာယာချမ်းမြေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့

သာယာချမ်းမြေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၂၂ ရက်)

ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ ဗောဓိပင်ကို ကဆုန်ညောင်ရေသွန်းကြသော ဓလေ့သည် ဂေါတမ မြတ်စွာ ဘုရားသက်တော်ထင်ရှားရှိစဉ်ကပင် သာဝတ္ထိပြည် ပဿေနဒီမင်းကြီးက အစပြုခဲ့သည်။ သီရိဓမ္မာသောကမင်းကြီး လက်ထက်တိုင် ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးကို ကျင်းပခဲ့ကြသည်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ကြီးတွင် စံနေတော် မူစဉ် အနာထပိဏ်သူဌေးသည် လာရောက်ဖူးမြော်ရာ ဘုရားရှင်နှင့် မတွေ့ရဘဲ ပြန်သွားခဲ့ရသည်။ ထို့ကြောင့် အနာထပိဏ်သူဌေးသည် အရှင်အာနန္ဒာမထေရ်အား ဘုရားရှင်ဇေတဝန်ကျောင်းတော်၌ မရှိသည့်အခါ ဘုရားရှင်ကိုယ်စားဖူးမြော်ရန် မြတ်စွာဘုရားကို လျှောက်ထားပေးတော်မူပါရန် လျှောက်ထားခဲ့သည်။

ထိုအကြောင်းကို အရှင်အာနန္ဒာက ဘုရားရှင်ထံသို့ လျှောက်ထားခဲ့သည်။ ဘုရားရှင်က “ငါဘုရားကို မတွေ့ရ၍ ငါဘုရားမရှိသောအခါ ဘုရားကဲ့သို့ကိုးကွယ်ထိုက်သော စေတီများရှိ၏။ ထိုစေတီများကား ငါဘုရား၏ အစိတ်အပိုင်းဖြစ်သော ဆံ၊ မွေးညင်း၊ သွား၊ ညှပ်ရိုးအစရှိသော သာရီရိကစေတီ၊ အသုံး အဆောင်များဖြစ်သော သပိတ်၊ သင်္ကန်း၊ ကျောင်း အစရှိသော ပရိဘောဂစေတီ၊ ငါဘုရားကို ရည်မှတ် ထုလုပ်ကိုးကွယ်အပ်သော ဥဒ္ဒိဿစေတီဟူ၍ စေတီသုံးမျိုးရှိ၏။  ထို့ပြင်  ဘုရားရှင်တို့၏ သစ္စာလေးပါး ကိုသိရာ မဟာဗောဓိပင်များသည် ဘုရားရှင်တို့ သက်တော်ထင်ရှားရှိစဉ်တွင် စေတီမည်၏” ဟုမိန့်တော် မူသည်။

ထို့နောက်အရှင်အာနန္ဒာသည် မဟာဗောဓိပင်မှ ဗောဓိမျိုးစေ့ကိုယူဆောင်၍ ဇေတဝန်ကျောင်းမုခ် တံခါးဝ၌ စိုက်ပျိုးခဲ့သည့်အတွက် ရှင်လူအများ ဘုရားမရှိခိုက် ကိုးကွယ်ဆည်းကပ်ကြရသည်။ ထိုဗောဓိပင်ကို အာနန္ဒာဗောဓိပင်ဟု ယခုတိုင်သိရှိခဲ့ကြသည်။ မြန်မာနိုင်ငံ၌ ကဆုန်ညောင်ရေသွန်း လောင်းခြင်းအစကို လေ့လာကြည့်လျှင် မြန်မာသက္ကရာဇ် ၅၃၆ ခုနှစ်၌ ပုဂံပြည် အလောင်းစည်သူ၏ မြေးတော် နရပတိစည်သူ မင်းလက်ထက်တွင် ပေါင်းလောင်းရှင်ဟုခေါ်ကြသော ရှင်ကဿပမထေရ် သည် သီဟိုဠ်ကျွန်းသို့ကြွသွားပြီးလျှင် မဟာဗောဓိညောင်ပင်စေ့များကို ယူဆောင်လျက် နရပတိ စည်သူမင်းအား ဆက်သသည်။ ဗောဓိစေ့နှင့်အတူ “မဟာစေတီပုံတော်” လောဟပါသာဒ ပြာသာဒ် ပုံတော်၊ ဓာတ်တော်၊ မွေတော်များကိုပါ ဆက်သတော်မူသည်။ ထိုမှစ၍ ဗောဓိပင်စိုက်ပျိုး ကိုးကွယ်မှု စခဲ့သည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့)သည် “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဟူသော မှတ်တမ်းအရ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏ ထူးခြားသော ဖြစ်တော်စဉ်လေးရပ်ဖြစ်သည့် ဗျာဒိတ်တော် ခံယူတော်မူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့နှင့် ပရိနိဗ္ဗာန် စံဝင်တော်မူသည့်နေ့တို့ဖြစ်သည့်အတွက် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ အမြတ်ဆုံးနေ့အဖြစ် မှတ်ယူထားကြသည်။ မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ကဆုန်လသည် ဒုတိယမြောက်လ ဖြစ်သည်။ ရာသီအားဖြင့် ပြိဿရာသီဖြစ်ပြီး ရာသီပန်းအနေဖြင့် စံကားပန်းဖြစ်သည်။ ထို့အတူ နက္ခတ်အနေဖြင့် ဝိသာခါနက္ခတ်ဖြစ်သည်။ ပွဲတော်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်ကိုအမှီပြု၍ သဗ္ဗညုတရွှေဉာဏ်တော် ကိုရရှိတော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များက မြတ်စွာဘုရားရှင်အား  ရည်မှန်းအာရုံပြု၍ ကျင်းပ လေ့ရှိသည့် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီ ပွဲတော်များအနက် “ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင် ရေသွန်းပွဲတော်” ကိုအစဉ်အလာအရ ကျင်းပသည့်ပွဲတော်အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ် သည်။

မဟာဗောဓိပင်ဆိုသည်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောနေ့တွင် အတူတကွ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် ဖွားဖက်တော်ခုနစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သကဲ့သို့ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ရောက်ရှိစေရန် များစွာအထောက်အကူပြုခဲ့သည့်အတွက်  ပရိဘောဂစေတီ ထိုက်သော စေတီတော်တစ်ဆူလည်း ဖြစ်သည်။ မြန်မာတို့သည်နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သို့ ရောက်သည့်အခါ ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲမျှကျင်းပကြသည်။ ကဆုန်လပြည့်နေ့ မရောက်မီ ကတည်းကပင် မိမိတို့ရေသွန်းလောင်းမည့် ညောင်ပင်များကို သန့်ရှင်းရေးများ ပြုလုပ်ထားကြရသည်။ ရေအိုးကလေးများ ကိုယ်စီရွက်ကာ ဗောဓိညောင်ပင်ရှိရာသို့ ရေစင်သွန်းလောင်းရန်သွားကြသော အမျိုးသား၊ အမျိုးသမီးတို့၏ ပုံရိပ်မှာ မြန်မာ့ဟန်၊ မြန်မာ့သဏ္ဌာန်တို့ဖြင့် ယဉ်ကျေးသိမ်မွေ့ကာ အလှဝေဖြာနေသည်။

မြေဓာတ်တွင်ရေခန်းသည့် ကဆုန်လကဲ့သို့သော နွေကာလတွင် မဟာဗောဓိပင်များကို ကဆုန်ညောင် ရေသွန်းလောင်းခြင်းသည် မဟာဗောဓိပင်များ စိမ်းလန်းစိုပြည်၍ အခက်အလက်တို့ ဝေဆာစေခြင်း၊ သက်တမ်းရှည်စေခြင်းနှင့် သက်တော်ထင်ရှားရှိသော ဘုရားရှင်အားပူဇော်ရာ ရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော နိုင်ငံအဖြစ်တည်ရှိစေရုံသာမက နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးကိုလည်း နှလုံးစိတ်ဝမ်းအေးချမ်းစေလျက် တူညီသော အကျိုးတရားများကို ဖြစ်ထွန်းစေမည် ဖြစ်သည်။ ရေသည်လူတို့အတွက် မရှိမဖြစ်အရာဖြစ်သည်။ ရေသည်အေးမြခြင်းကို ဖြစ်စေသည်။ နေပူရှိန် လွန်ကဲသော အချိန်ကာလတွင် ညနေပိုင်းအချိန်များ၌ သစ်ပင်များကို ရေလောင်းပေးခြင်းဖြင့် လန်းဆန်းလာသည်။ အနှစ်ချုပ်ဆိုရသော် ကဆုန်ညောင်ရေ သွန်းလောင်းခြင်းသည် ညောင်ပင်များ ညှိုးနွမ်းခြောက်သွေ့ခြင်းမရှိဘဲ ရှင်သန်သကဲ့သို့ ဘုရားရှင်၏ သာသနာတော်သည် ရှင်သန်လျက်ရှိ နေမည်သာဖြစ်ပါကြောင်း ကဆုန်လပြည့်ဗုဒ္ဓနေ့ကို ရိုသေစွာရေးသား ပူဇော်လိုက်ရပေသည်။   ။