သားကောင်း သမီးကောင်းရတနာများဖြစ်အောင်

သားကောင်း သမီးကောင်းရတနာများဖြစ်အောင်

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခြေခံနှင့်တန်းမြင့်ရေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)နှင့် အခြေခံ နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/၂၀၂၄)မှသင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား မေလ ၂၁ ရက်တွင် တွေ့ဆုံအမှာစကားပြောကြားစဉ် “နွေရာသီ အားလပ်ရက်များကို အကျိုးမဲ့မဖြစ်စေဘဲ ယခုကဲ့သို့ သင်တန်းတက်ရောက်ခဲ့ခြင်းကြောင့် ရရှိသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်းခင်မင်ရင်းနှီးမှုများကို ဆက်လက်ထိန်းသိမ်းပြီး  ပြည်ထောင်စု စိတ်ဓာတ်ကိုမွေးမြူသွားကြရန်၊ မှန်ကန်သည့် အသိအမြင်များရရှိရန် စာကောင်းပေမွန် များကိုဖတ်ရှုပြီး မိဘဆရာသမားများ၏ ပြောဆိုဆုံးမမှုများအတိုင်း လိုက်နာနေထိုင်သွားကြရန်၊ မိမိတို့ နေထိုင်ရာ နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိပြီး သင်ယူတတ်မြောက်ခဲ့သည့်ပညာရပ်များနှင့် နောင်တစ်ချိန်တွင် တိုင်းပြည်ကအားကိုးအားထား ပြုရမည့်သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်အောင် ဆက်လက်ကြိုးစားသွားကြပါဟု တိုက်တွန်းမှာကြားလိုကြောင်း”  ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်နေစဉ်ကာလအတွင်း လူငယ်များ၏ တိုးတက်လမ်းကို အမြဲတမ်းပြုစု ပျိုးထောင်ပေးလျက်ရှိသည်။ ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုသည့်အတိုင်း ကြီးမားသောတာဝန်များကိုထမ်းဆောင်ရသည့်အခါ အဆင်ပြေချောမွေ့စွာ ထမ်းဆောင်နိုင်ရေးအတွက် လူငယ်ဘဝကပင် ပညာပြည့်ဝနှလုံးလှအောင် စီမံဆောင်ရွက်ပေး လျက်ရှိ သည်။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေး လျက်ရှိသည်။

ယနေ့လူငယ်မောင်မယ်များသည် အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ကြရမည့် လူကြီးများဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူငယ်လူရွယ် များအား လျစ်လျူရှုမထားဘဲ လူတော်လူကောင်းကလေးများဖြစ်လာအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ ခေတ်ပညာပြည့်စုံအောင်၊ အကျင့်စာရိတ္တကောင်းမွန်အောင်၊ အများအကျိုးဆောင်ရွက်တတ်အောင်၊ မျိုးချစ်စိတ်ထက်သန်ပြီး နိုင်ငံနှင့်လူမျိုးအတွက် စွန့်စားကြိုးပမ်းတာဝန် ထမ်းဆောင်နိုင်အောင် လေ့ကျင့်သင်ကြား မြေတောင်မြှောက်ပေး လျက်ရှိသည်။ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအား လူရည်ချွန်အပန်းဖြေ လေ့လာရေးခရီးစဉ်များကို စီစဉ်ဆောင်ရွက်ပေးခဲ့သည့်အပြင် ရေကြောင်းလူငယ်နှင့် လေကြောင်း လူငယ်အခြေခံ သင်တန်းများနှင့် တန်းမြင့်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးခဲ့သည်။    

ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ် လူငယ်မောင်မယ်များအား နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်ရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းစေရန်ရည်ရွယ်၍ တပ်မတော် (ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်း လူငယ်သင်တန်းနှင့်  တန်းမြင့်လေကြောင်း လူငယ်သင်တန်းများကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်မှစတင်၍ ဖွင့်လှစ်ပေးခဲ့သည်။

ရေကြောင်းလူငယ်သင်တန်းများကို စခန်း ၁၀ ခုတွင် လူငယ်လူရွယ်သင်တန်းသား၊ သင်တန်းသူ ၈၁၈ ဦးကို အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံ သဘော တရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်အပါအဝင် ရေကြောင်း သွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြားပေးခဲ့သည်။  ထို့ပြင်  စစ်ရေယာဉ်(မုတ္တမ)ဖြင့်  ရန်ကုန်မြစ် ကြောင်းတစ်လျှောက် လက်တွေ့စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာအချက်အလက်များ၊ ဆက်သွယ် ရေးနှင့် အီလက်ထရွန်နစ်ဆိုင်ရာစနစ်များ၊ ရေယာဉ်ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များကို လက်တွေ့လေ့လာ သင်ယူခဲ့ကြသည်။

လေကြောင်း လူငယ်သင်တန်းများကို သင်တန်းစခန်း ၁၇ ခုတွင် ကျောင်းသား၊ ကျောင်းသူ သင်တန်းသား ၈၅၀ ဦးတို့အား အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းပညာ သမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတ ဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်းဘာသာရပ်နှင့်  RC/Flight Simulator မောင်းနှင်ခြင်းများကို စာတွေ့၊ လက်တွေ့သင်ကြား ဆည်းပူးနိုင်ကြသည်။ အဆိုပါ ရေကြောင်း လူငယ်နှင့် လေကြောင်းလူငယ် သင်တန်းဆင်းပွဲများကို မေလ ၁၇ ရက်က နေပြည်တော်ရှိ သတ်မှတ် နေရာ အသီးသီးတွင် ကျင်းပခဲ့ကြသည်။ အနှစ်ချုပ်ဆိုရသော် ယနေ့လူငယ်မောင်မယ်များ အနေဖြင့် နိုင်ငံတော်၏ အနာဂတ်ကို ကောင်းမွန်စွာဖန်တီး တည်ဆောက်နိုင်သည့်သားကောင်း၊ သမီးကောင်း ရတနာများဖြစ်အောင် ကြိုးစားကြရန်ဖြစ်ပါကြောင်း။     ။